မစ္စတာ အစ္စမေးလ်ဆာဘရီယာကော့ဘ်သည် မလေးရှားအမျိုးသားပေါင်းစည်းအဖွဲ့(UMNO) ပါတီမှဖြစ်ပြီး အသက် ၆၁ နှစ် အရွယ်ရှိကာ မလေးရှားဘုရင့်နန်းတော်၌ ဘုရင်မင်းမြတ် အယ်လ်စူလတန်အဗ္ဗဒူလာရီအယာတက်ဒင် အယ်လ်မူစတာဖာဘီလာ ရှား၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ် ကြောင်း Channel News Asia က ရေးသားဖော်ပြသည်။

အဆိုပါကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားကို မလေးရှားနန်းတွင်းထုံးတမ်းအစဉ်အလာအရ ဘုရင့်အထူးညီလာခံအပြီး နောက်တစ်ရက်အကြာတွင် ကျင်းပခြင်းဖြစ်သည်။ လက်ရှိအစိုးရအနေဖြင့် Covid-19 တိုက်ဖျက်ရေး အင်တိုက်အားတိုက် ကြိုးပမ်းရန် ဘုရင်က တိုက်တွန်းမှာကြားခဲ့သည်။

အစ္စမေးလ်ဆာဘရီသည် မူဟစ်ဒင်ယက်ဆင်ဦးဆောင်သော ပရီကာတန်အမျိုးသား (PN) အစိုးရအဖွဲ့တွင် မကြာသေးမီအထိ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဩဂုတ် ၁၆ ရက်က ရာထူးမှနုတ်ထွက်သွားသော ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်နေရာကို အစားထိုးထမ်းဆောင်ရမည်ဖြစ်သည်။

ပါတီဥက္ကဋ္ဌ အာမက်ဇာဟဟစ်ဟာမီဒီ ဦးဆောင်သော UMNO ပါတီမှ အောက်လွှတ်တော်အမတ်များသည် မူဟစ်ဒင်ယက်ဆင်ကို ထောက်ခံမှုများ ရုတ်သိမ်းခဲ့ပြီးနောက် ၎င်း နုတ်ထွက်သွားရခြင်းဖြစ်သည်။ မလေးရှားနိုင်ငံရေးအားပြိုင်မှုကြောင့် ပါကတန်ဟရာပန်အစိုးရ ပြုတ်ကျပြီး ၁၈ လအကြာ ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ယခု PN အစိုးရ တက်လာခြင်းဖြစ်သည်။

ဩဂုတ် ၁၇ ရက်က မလေးရှားလွှတ်တော်အမတ်ဦးရေ ၂၂၀ တို့က ၎င်းတို့ဦးစားပေးတင်မြှောက်လိုသော ဝန်ကြီးချုပ်ကို နန်းတော်သို့ တရားဝင်အတည်ပြုနိုင်ရေး အဆိုတင်သွင်းခဲ့ကြသည်။ အမတ်စုစုပေါင်း ၁၁၄ ယောက်တို့က မစ္စတာအစ္စမေးလ်ဆာဘရီကို ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်သည်။

နန်းတော်မှ ထွက်ခွာစဉ် အစ္စမေးလ်ဆာဘရီက “မိမိအား ရာထူးခန့်အပ်မှုကို သဘောတူအတည်ပြုသည့်အတွက် ဘုရင်မင်းမြတ်ကို ကျေးဇူးတင်ရှိကြောင်း” ကွာလာလမ်ပူအခြေစိုက် ဘာနာမာမီဒီယာသို့ ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ်သစ်သည် လွှတ်တော်အမတ်များနှင့်နိုင်ငံရေးပါတီအသီးသီးမှ ထောက်ခံကြသူများကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

“မနက်ဖြန် ပြည်သူတွေသိအောင် ကျနော် ကြေညာချက်တစ်စောင်ထုတ်ဖို့ရှိပါတယ်” ဟု ဝန်ကြီးချုပ်သစ် အစ္စမေးလ်ဆာဘရီ၏ ပြောကြားချက်ကို Channel News Asia က ရေးသားဖော်ပြထားသည်။

Source: Channel News Asia


#မလေးရှား

#ဝန်ကြီးချုပ်

#ကျမ်းသစ္စာ

#အစ္စမေးလ်ဆာဘရီယာကော့ဘ်

#UMNO ပါတီ

#CNImyanmar

#cninews

#ChannelNewsIndependent