လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း၍ မရဘဲ လက်နက်ကိုင် လမ်းစဉ် ဖြင့်သာ ဖြေရှင်းသွားရန် ယုံကြည်နေသူများနှင့် ပြောဆိုနေမှုများ ရှိနေသည်။
ဦးကိုကိုကြီးက “အထူးသဖြင့် အွန်လိုင်းပေါ်မှာ ပြင်းပြင်းထန်ထန် ပြောဆိုနေတဲ့ သူတွေအနေနဲ့က လက်နက်ကိုင် နည်းလမ်းမှ အဖြေထွက်မယ်လို့ ယုံကြည်တယ်ဆိုရင် ကိုယ်ယုံကြည်တဲ့အတိုင်း တစ်စိုက်မတ်မတ်လုပ်ပါ။ ရွေး ချယ်ပါ။ တော်တော်များများက မြို့ပေါ်မှာ နေပြီးတော့ ဒါမှမဟုတ် တတိယနိုင်ငံတွေမှာ ခြေလွတ်တနေရာမှာ နေပြီးတော့ ချကွ၊ ဆော်ကွလိုမျိုး ပြောနေတာမျိုးကတော့ တကယ်တောထဲ တောင်ထဲမှာ ဒုက္ခဆင်းရဲ အမျိုးမျိုး ခံပြီးတော့ သူတို့ ယုံကြည်ချက်နဲ့ လုပ်နေတဲ့ ကလေးတွေကိုလည်း အားနာဖို့ကောင်းတယ်”ဟု ပြောသည်။
ဆက်လက်၍ ဦးကိုကိုကြီးက “ကျနော်တို့ကတော့ ကျနော်တို့ နိုင်ငံရေးနည်းလမ်းအပေါ်မှာ ယုံကြည်တဲ့ နည်း လမ်းအလျှောက် ယုံကြည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်တယ်။ ဒီနည်းလမ်းနဲ့ပဲ နောက်ဆုံးမှာ ဖြေရှင်း ရမယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၃ ရက်သည် ပြည်သူ့ပါတီ(PP) တည်ထောင်ခြင်း (၃) နှစ်မြောက်ဖြစ်ပြီး ၎င်း (၃) နှစ် မြောက် သဘောထား ကြေညာချက်တစ်စောင်တွင်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် တိုက်တွန်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် လူထုလှုပ်ရှားမှုသည် ခေတ်အဆက်ဆက် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွင်း နိုင်ငံရေးနည်းလမ်းအပေါ် ယုံကြည်မှု ပြန်လည်ရရှိစေရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းဖြိုခွဲခြင်းအပေါ် ရပ်တန့်၍ ဖမ်းဆီးသူများအား ပြန်လွှတ်ပေး ရန်၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ပြည်သူ့ပါတီက တောင်းဆိုထားသည်။
စစ်တပ်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုများ သေကြေပျက်စီးမှု၊ ဖမ်းဆီးခံရမှု၊ ရိုက်နှက်ခံရမှုများ ကြောင့် နိုင်ငံရေးနည်းလမ်းနှင့် လုပ်၍မရတော့ကြောင်း၊ လက်နက်ကိုင်မှ ရတော့မည်ဟု ယုံကြည်လာကြ ကြောင်း၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်တွင် နာမည်ပေါက်သည့်သူ အများစုမှာလည်း ယခုကဲ့သို့ တိုက်တွန်း ပြောဆို မှုများကြောင့် လူငယ်များမှာ နိုင်ငံရေးကို အယုံအကြည်နည်းလာကြောင်း၊ ယင်းမှာ အန္တာရာယ် အလွန်ကြီးသည် ဟု ဦးကိုကိုကြီးက ဆိုသည်။
ဦးကိုကိုကြီးက “ကျနော်တို့က ပြည်တွင်း သမိုင်းကြောင်းရော၊ နိုင်ငံတကာ ခေတ်ပြိုင် နိုင်ငံရေး အခြေအနေ တွေအရရော ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာပြီးတဲ့ အခါကြတော့ ကိုယ့်ရဲ ရွေးချယ်မှုကတော့ နိုင်ငံရေး နည်းလမ်း အပေါ်မှာဘဲ ခိုင်ခိုင်မာမာ ရပ်တည်မယ်။ ကျနော်တို့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီရဲ့ အလုပ်ကတော့ စစ်တပ်က ကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော်တို့ ပြောစရာရှိတာ ပြောရမှာပဲ။ နောက်တစ်ခု နိုင်ငံရေး နည်း လမ်းကို အယုံ အကြည် မရှိဘူးဆိုပြီး ပြောတဲ့သူလည်း ရှိမှာပဲ။ သို့သော် ကိုယ့်ရဲ့ ရပ်တည်ချက် ကိုယ့်ရဲ့ ယုံကြည် ချက်ကိုတော့ ခိုင်ခိုင်မာမာ ရပ်တည်ဖို့၊ ပြောဆိုဖို့ ဒါဟာ နိုင်ငံရေးသမားရဲ့ တကယ့်အရည်အချင်းလို့ ကျနော်မြင် ပါတယ်” ဟု ပြောသည်။
အဆိုပါ နည်းလမ်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မှာဖြစ်ပြီး ယင်းယုံကြည်ချက်ဖြင့် ဆောင်ရွက်သည့် အခါ မှာလည်း အကျိုးစီးပွား တစ်ပြားတစ်ချပ်မှ မပါဝင်ကြောင်းနှင့် မိမိအနေဖြင့် နိုင်ငံရေးကြောင့် ထောင်ကျမည်ကို ကြောက်သည့်သူများ မဟုတ်သလို ထောင်အတွင်း မည်သို့နေထိုင်ရမည်ကိုလည်း ကျင့်သားရပြီးသားဖြစ် ကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်နေသည့် ပြဿနာများ၏ အခြေခံသည် နိုင်ငံရေးပင်ဖြစ်ပြီး အနာဂတ်နိုင်ငံတော် အတွက် နိုင်ငံရေး သဘောတူညီချက် (Political Pact) တစ်ခုရရှိရန် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးအတွက် ယုံကြည်သော အင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်သူ့ပါတီက ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ပါတီ တည်ထောင်ခြင်း (၃)နှစ်မြောက် သဘောထား ကြေညာချက်နှင့် ပတ်သက်ပြီး ဝေဖန်အကြံပြုလို ပါက တစ်ဦးချင်း သော်လည်းကောင်း၊ အစုအဖွဲ့အလိုက် သော်လည်းကောင်း (မည်သူဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မည်သည့် မြို့နယ်တွင် နေထိုင်ကြောင်း) အချက်အလက် ပြည်ပြည်စုံစုံနှင့် လာရောက် ဆွေးနွေးနိုင်ကြောင်း ဦးကိုကိုကြီးက ဖိတ်ခေါ်ထားသည်။
“အဲလိုမဟုတ်ဘဲနဲ့ တံဆိပ်ကပ်နိုင်ငံရေးပေါ့။ ကျနော်တို့ကို စစ်တပ်နဲ့ တံဆိပ်ကပ်၊ ဘာတံဆိပ်ကပ်၊ ကျနော်တို့ စစ်တပ်နဲ့ ဘာအကျိုးစီးပွား တစ်ပြားတစ်ချပ်မှ နိုင်ငံရေး လုပ်သက်တစ်လျှောက် ပတ်သက်လာတာ ဘာမှ မရှိ ဘူး။ နောက်တစ်ခုက ကျနော်တို့ကို ခြိမ်းခြောက်လို့ ယိမ်းယိုင်သွားမယ့်သူတွေ မဟုတ်ဘူးလို့ အခိုင်အမာ ပြော ချင်တယ်။ ကျနော်တို့ နိုင်ငံရေး ယုံကြည်ချက်ပေါ်မှာ တစိုက်မတ်မတ် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ဟိုတုန်းကလည်း ယုံကြည်တယ်။ ခုလည်း ယုံကြည်တယ်။ နောက်လည်း ကိုယ့်ယုံကြည်ချက်ပေါ်မှာ အခိုင်အမာ ရပ်တည်သွားမယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
#ဉီးကိုကိုကြီး
#ပြည်သူ့ပါတီ
#နိုင်ငံရေးပြဿနာ
#နိုင်ငံရေးနည်းလမ်း
#PoliticalPact
#လက်နက်ကိုင်လမ်းစဉ်
#တွေ့ဆုံဆွေးနွေးရေး
#ယုံကြည်ချက်
#CNImyanmar
#cninews
#ChannelIndependent