CNI International News

ဝါရှင်တန်၊ဩဂုတ် ၂၄

အမေရိကန်သမ္မတ ဘိုင်ဒန်အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ ဆုတ်ခွာမှုကိုင်တွယ်ပုံမှာ အမေရိကန်သမိုင်းတွင် အရှက်ရစေသောနိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့်က ဩဂုတ် ၂၁ ၌ ဝေဖန်စွပ်စွဲလိုက်သည်ဟု ရိုက်တာသတင်းတစ်ပုဒ်အရ သိရသည်။

လာမည့် ၂၀၂၄ ခုနှစ်တွင် သမ္မတအဖြစ် ထပ်မံအရွေးခံရနိုင်ခြေရှိသော ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သည့် ဒေါ်နယ်ထရမ့်က အာဖဂန်နစ္စတန်တွင် အစ္စလာမ္မစ် စစ်သွေးကြွ တာလီဘန်များနှင့်ပတ်သက်၍ အကြိမ်ကြိမ် ပြစ်တင်ဝေဖန်ခဲ့ပြီးလည်းဖြစ်သည်။

“အာဖဂန်နစ္စတန်ကနေ ဘိုင်ဒန်ရဲ့ထွက်ပေါက်ဟာ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းမျိုး မရှိဘူးဆိုတာ အံဩဖို့ကောင်းအောင် ပြသလိုက်တာပဲ” ဟု ၎င်းအားထောက်ခံသူများ ဝိုင်းဝိုင်းလည်နေသည့် လူစုလူဝေးပွဲတစ်ခုတွင် ထရမ့်က ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါလူစုလူဝေးသည် အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ်၊ ကော်လ်မန်းမြို့အနီး၌ ယခင်သီတင်းပတ်က စုစည်းမိကြခြင်းဖြစ်သည်။

ဆယ်စုနှစ်နှစ်ခုကြာ အာဖဂန်နစ္စတန်ကို အုပ်ချုပ်ခဲ့သည့် အနောက်အုပ်စုကျောထောက်နောက်ခံ အစိုးရတစ်ရပ် ပြုတ်ကျသွားခြင်းနှင့်အတူ အစိုးရစစ်တပ်ပါ ပြိုလဲသွား၍ တာလီဘန်ခေါင်းဆောင်များ နိုင်ငံတဝန်း မတည်မငြိမ် ဖြစ်နေမှုကို ကြိုးစား ထိန်းချုပ်နေရဆဲဖြစ်သည်။

အာဖဂန်စစ်တပ်နှင့်အတူ အားဖြည့်တိုက်ခိုက်ရန် ဘိုင်ဒန်ငြင်းဆန်ခဲ့မှုကို ထရမ့်က ဆက်လက်ဝေဖန်ခဲ့ပြီး အဖြုတ်ချခံလိုက်ရသော အာဖဂန်အစိုးရကို ရှုတ်ချခဲ့သည်။

ဘိုင်ဒန်သည် မိမိလက်ထက်က အခြေအနေအတိုင်း ဆက်မလုပ်ခဲ့ဘဲ ယခုဆုတ်ခွာခဲ့သော တပ်များနှင့်အတူ လိုက်ပါလာသည့် အမေရိကန်ဝန်ထမ်းမိသားစုများနှင့် အသုံးအဆောင်များကို ကြည့်ရင်း ဝမ်းနည်းမိကြောင်း ထရမ့်က ထိုးနှက်ခဲ့သည်။

“ဒါဟာ ဆုတ်ခွာတာ မဟုတ်ဘူးဗျ။ စုပေါင်းလက်နက်ချလိုက်တာပဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မိမိနှင့် ညှိနှိုင်းခဲ့ဖူးသော တာလီဘန်ခေါင်းဆောင်များက မိမိကိုလေးစားကြောင်း၊ မိမိသာ အာဏာ ရှိနေဦးမည်ဆိုလျှင် တာလီဘန်များ အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို အလျင်အမြန် သိမ်းနိုင်လိမ့်မည် မဟုတ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။

“ကျနော်တို့တတွေ အဲဒီနိုင်ငံကနေ ဂုဏ်သိက္ခာရှိစွာနဲ့ ထွက်သွားနိုင်ပါလျက်နဲ့ အဲဒီသိက္ခာနဲ့ ဆန့်ကျင်ဘက် အနေအထားကနေ ထွက်ခဲ့ရပါပြီ” ဟု ထရမ့်၏ပြောကြားချက်ကို ရိုက်တာသတင်းတွင် ဖော်ပြထားသည်။