CNI News

၂၀၂၁ ခုနှစ် ဩဂုတ် ၂၄

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ထွက်ပြေးလာသည့် စစ်သားနှစ်ဦးကို ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ ထိန်းသိမ်းထားသည် ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက် က ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကို SNA ၏ တပ်မဟာ ၉၇၂ နယ်မြေတွင် ထိန်းသိမ်းထားကြောင်း ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက CNI သတင်းဌာနကို ပြောသည်။

 “KIA နယ်မြေထဲကနေ ရှမ်းနီ နှစ်ယောက်၊ သူတို့က ( KIA) မူးယစ်ဆေးဝါး ဖြတ်ပေးမယ်ဆိုပြီး ခေါ်ထိန်းထားတာ ကြာပြီ။ အဲကလေးနှစ်ယောက်က သူတို့ဆီက ပစ္စည်းယူပြီး SNA ဘက်ကို ထွက်ပြေးလာတာ” ဟု ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။

ထွက်ပြေးလာသည့် လူငယ်များမှာ  ရှမ်းနီလူငယ်များဖြစ်ပြီး KIA မှ မူးယစ်ဆေးဝါးဖြတ်ပေးမည်ဟု ခေါ်ဆောင်သွားပြီး စစ်သားအဖြစ်တာဝန်ထမ်းဆောင် နေသူများဖြစ်ကြောင်း SNA မှ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။

 

Photo - CNI

“အဓိကတော့ KIA က အင်းတော်ကြီးဒေသမှ ရှမ်းနီလူငယ်လေးတွေကို ခေါ်ခေါ်ပြီးမှ စုဆောင်းတာလေ၊ အဲလိုမျိုးတွေ မဖြစ်အောင် နည်းနည်းတော့ ပြန်တားဆီးဖို့ လိုတယ်” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

ထို့အပြင် လက်ရှိအချိန်သည် ရှမ်းနီတစ်မျိုးသားလုံးအတွက် အရေးကြီးနေသည့် ကာလကို ရောက်ရှိနေပြီး မည်သည့်အာဏာရှင်မဆို ကိုယ်လုပ်ဆောင်နိုင်သည့် နေရာမှ တော်လှန်ကြရန် ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက တိုက်တွန်းထားသည်။

“ရှမ်းနီလူငယ်တွေ ရှမ်းနီတစ်မျိုးသားလုံးအတွက် ပိုပြီးအရေးကြီးတဲ့ ကာလကို ရောက်နေပြီ ရောက်နေတဲ့ အချိန်ဖြစ်တဲ့အတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ မည်သည့် အာဏာရှင်မဆို ကိုယ်ကျရာ ကိုယ်လုပ်နိုင်တဲ့ ဘက်ကနေပြီးတော့မှ တော်လှန်ကြဖို့ မှာချင်ပါတယ်” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

ကချင်ပြည်နယ်အတွင်းက မူးယစ်ဆေးဝါးသုံးစွဲသည့် သူများကို KIA မှ မူးယစ်ဆေးဝါးဖြတ်ပေးပြီး စစ်မှုထမ်းဆောင်ခိုင်းသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါ ရှမ်းနီများကို စစ်သားစုဆောင်းနေသည့်အပေါ် KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ ထံ CNI သတင်းဌာနမှ ဆက်သွယ်မေးမြန်းသော်လည်း ၎င်းမှာ အစည်းအဝေးတက်ရောက်နေသောကြောင့် ဖုန်းလက်ခံ ဖြေကြားနိုင်ခြင်းမရှိပေ။