CNI International News
လန်ဒန် ဩဂုတ် ၂၄
ဩဂုတ် ၂၂ ရက်က ကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံများ G-7(ဂျီဆဲဗင်း) အဆင့်မြင့်စီးပွားရေး အစည်းအဝေးတွင် အာဖဂန် နစ္စတန်အရေး ထည့်သွင်းဆွေးနွေးရာ၌ တာလီဘန်များအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန် ဗြိတိန်နိုင်ငံက ဖိအားပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်ဟု Channel News Asia ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
အမေရိကန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်နှင့် ကနေဒါတို့ ပါဝင်သည့် အဆိုပါ ဂျီဆဲဗင်းအုပ်စုနိုင်ငံများတွင် ယခုအလှည့်ကျ ဦးဆောင်နေရသူ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က “အာဖဂန်ကို တာလီဘန်တို့ အလျင်အမြန် သိမ်းယူလိုက်မှု” အပေါ် အွန်လိုင်း အစည်းအဝေးခေါ်ယူရန် ဩဂုတ် ၂၂ ရက်၌ တိုက်တွန်းခဲ့သည်။
တာလီဘန်များအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ပြီး သူတို့နယ်မြေကို စစ်သွေးကြွများ ခိုအောင်းခွင့်ပေး နေခဲ့လျှင် ဂျီဆဲဗင်းကနေ စီးပွားရေး ပိတ်ဆို့မှု ချမှတ်ရေးနှင့် အကူအညီများ ရပ်တန့်ရေး ထည့်သွင်းစဉ်းစားရန် ဗြိတိန်က ယုံကြည်နေကြောင်း အမည်မဖော်လိုသူ အနောက်တိုင်း သံတမန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာက သတင်းဖော်ပြသည်။
Photo - AFP
ကဘူးလ်လေဆိပ်ကို ထိန်းချုပ်ချိန်မှာ အမေရိကန်တပ်များကို တာလီဘန်များ မည်သည့် အရေးယူမှုမျှ မရှိကြောင်း၊ အမေရိကန်နိုင်ငံသားများ လေဆိပ်ကို ဘေးကင်းစွာ ရောက်ရှိစေရမည်ဟူသော ကတိကို တာလီဘန်များ အထူးလိုက်နာ ခဲ့ကြောင်း အမေရိကန်သမ္မတက ဩဂုတ် ၂၂ ရက်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အကယ်၍ တာလီဘန်များအနေဖြင့် ချိုးဖောက်မှုကျူးလွန်လျှင် ဗြိတိန် ဒဏ်ခတ်ပိတ်ဆို့မည်ကို ထောက်ခံမှာလားဟု မေးမြန်း ရာ ဘိုင်ဒန်က “ထောက်ခံမယ်လို့ပဲ ဖြေပါတယ်။ အဲဒါ ကျင့်ဝတ်လိုက်နာမှုအပေါ် မူတည်ပါတယ်” ဟု တုံ့ပြန်ခဲ့သည်။
တာလီဘန် စစ်သွေးကြွများသည် ပြီးခဲ့သည့် ရက်သတ္တပတ်က အာဖဂန်တစ်နိုင်ငံလုံး ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် မတိုင် မီမှာပဲ တာလီဘန်အစိုးရဟောင်း ချမှတ်ခဲ့ဖူးသည့် တင်းကြပ်လွန်းသည့် အစ္စလာမ္မစ်ဥပဒေများ တဖန်အသက်ဝင်လာမည်ကို အာဖဂန်နစ္စတန်ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြဆဲဖြစ်သည်။
“ဘေးကင်းလုံခြုံရာ ပြောင်းရွှေ့နေမှုတွေကို အကာအကွယ်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ကို အကာအကွယ်ပေးဖို့နဲ့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံး အာဖဂန်ပြည်သူတွေ ရရှိခံစားခဲ့တာမျိုး ဆက်လက်ပံ့ပိုးပေးဖို့ အရေး ကြီးပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားထားသည်။
https://www.channelnewsasia.com/world/britain-push-sanctions-taliban-g7-meeting-report-2129316