CNI News
၂၀၂၁ ခုနှစ်၊သြဂုတ် ၂၄
စစ်ပွဲကြီးများ ဖြစ်လာပါက တိုင်းပြည်အတွက် နစ်နာ၍ စစ်ပွဲကိုရှောင်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံ ဆွေးနွေး ဖြေရှင်းကြရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၏ ဗဟိုကော်မတီမှ သြဂုတ် ၂၄ ရက်က ထုတ်ပြန် တိုက်တွန်းခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးရွားစွာ ပြင်းထန်လာသည့်အတွက် ပြည်သူလူထုသည် ခိုကိုးရာမဲ့ဖြစ်နေသည်ကို စိတ်မကောင်းဖြစ်ရကြောင်း၊ စစ်တပ်အာဏာရယူခြင်းကြောင့် တိုင်းပြည်တွင် ကြီးမား သည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရချိန်တွင် စစ်ပွဲကြီးများ ဖြစ်လာပါက တိုင်းပြည်အတွက် အကျိုးမရှိသည့် အတွက် စစ်ပွဲများ တိုက်ခိုက်မှုများကို ရှောင်လွဲနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအနေဖြင့် တွေ့ဆုံ ဆွေးနွေး ကြရန် တိုက်တွန်းပါကြောင်း ရေးသား ဖော်ပြထားသည်။
KIO ဗဟိုကော်မတီက “စစ်ပွဲကြီးများကို ရှောင်လွဲပြီး နိုင်ငံရေးပြဿနာကို မှန်ကန်တဲ့နည်းနဲ့ ဖြေရှင်းသွားဖို့ မျှော်လင့်ပါတယ်”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ ကူညီထောက်ပံ့ပေးနေသော အိမ်နီးချင်းနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံကို ကျေးဇူးတင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံမှ ကူညီထောက်ပံ့ ပေးသည့် အကူအညီများကို KIO မှတဆင့် လိုအပ်နေသည့် ပြည်သူများထံ ကူညီပေးရန်အသင့်ဖြစ်ကြောင်း ယနေ့ ညနေပိုင်းက ထုတ်ပြန်သည့် KIO ဗဟိုကော်မတီမှ ပြောထားသည်။
KIA နှင့်တပ်မတော်သည် တပ်မတော်က NLD အစိုးရထံမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲအငြင်းပွားမှုကို မဖြေရှင်းပေး ဘဲ အစိုးရ ဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ အာဏာရယူလိုက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ထို့နောက် တပ်မတော်ကို စစ်ရေးအရ ပြန်လည် တိုက်ခိုက်လိုသော လူငယ်များကို အခြေခံစစ်သင်တန်းနှင့် ဖောက်ခွဲရေးသင်တန်းများပေးလျက်ရှိကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ အခြေအနေများနောက်မှာတော့ ယနေ့တွင် စစ်ပွဲများကို ရှောင်ပြီး အားလုံး တွေ့ဆုံ ဆွေးနွေးကြရန် တိုက်တွန်းလာခြင်းဖြစ်သည်။