CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၅
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ဒေါ်ခင်မမမျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ (သြဂုတ် ၂၅ ရက်) ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် CRPH သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကြေညာချက် အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းရွှေ့ခန့်အပ် တာဝန်အပ်နှင်းလိုက်သည်ဟု ဆိုထားသည်။
NUG ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ရာ ထိုစဉ်အချိန်က ဒေါ်ခင်မမမျိုးသည် ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ဒေါ်ခင်မမမျိုးသည် မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေး သိပ္ပံကျောင်းတွင် အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သလို မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ပါဝင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။
အဆိုပါ ပြောင်းရွှေ့ခန့်အပ် တာဝန်ပေးခြင်းမှာ မည်သည့်အကြောင်းကြောင့်ဟုဆိုသည်ကိုတော့ CRPH က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။