CNI International News
ဘာလင်၊ ဩဂုတ် ၂၅
ယူကရိန်းနိုင်ငံအပေါ်တွင် အငြင်းပွားစရာဖြစ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်းကို လက်နက်အဖြစ် အသုံးချလျှင် ရုရှားနိုင်ငံကို နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်နိုင်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ပြောလိုက်သည်ဟု ဘီဘီစီက သတင်းဖော်ပြသည်။
၎င်း၏ ဝန်ကြီးချုပ် ရာထူးသက်တမ်း မကုန်ဆုံးမီ နောက်ဆုံးခရီးစဉ်အဖြစ် ယူကရိန်းနိုင်ငံသို့ ရောက်ရှိစဉ် အိန်ဂျလာမာကယ်က အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးကို နုတ်စထွီး အမှတ်၂ (Nord Stream 2) စီမံကိန်းအပေါ် စိုးရိမ်မှုများရှိနေခြင်းအား စာနာ နားလည်ကြောင်းလည်း ပြောခဲ့သည်။
ဇယ်လန်းစကီးက ပိုက်လိုင်းစီမံကိန်းကို ဆန့်ကျင်ကြောင်းနှင့် ယင်းစီမံကိန်းသည် ယူကရိန်းနိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အိန်ဂျလာမာကယ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နုတ်စထွီးစီမံကိန်းသည် ဘောလ်တစ် ပင်လယ်အောက်ခြေတွင် လည်ပတ်မည်ဖြစ်ပြီး ဂျာမနီနိုင်ငံသို့ ရုရှား ဓါတ် ငွေ့များ နှစ်ဆတင်ပို့နိုင်ရန် ရည်ရွယ်ထားသည်။ တစ်ချိန်တည်းတွင် ရုရှားက ဦးစီးလုပ်ကိုင်နေသည့် နုတ်စထွီး အမှတ် ၂ သည် ဒေသတွင်း စွမ်းအင်ပံ့ပိုးမှုအပေါ် မော်စကိုချုပ်ကိုင်ထားခြင်းနှင့် ဩဇာလွှမ်းမိုးခြင်းတို့ ပိုမို အား ကောင်း စေမည့်အရေးအပေါ် ယူကရိန်းက စိုးရိမ်နေသည်။
ဩဂုတ် ၂၂ ရက်က ကျင်းပသော ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ဇယ်လန်းစကီးက အဆိုပါစီမံကိန်းကို ‘ကရင် မလင်၏ ပထဝီနိုင်ငံရေး လက်နက်တစ်ခု’ ဟု ပြောခဲ့သည်။
၁၆ နှစ်ကြာ ဝန်ကြီးချုပ် ရာထူးသက်တမ်း ကုန်ဆုံးခါနီး မစ္စစ်မာကယ်သည် ယူကရိန်းနှင့် ဆန့်ကျင်ပြီး နုတ်စထွီး အမှတ် ၂ ကို မသုံးသင့်ကြောင်း ဘာလင်(ဂျာမနီ)က ဝါရှင်တန်(အမေရိကန်)နှင့် သဘောတူခဲ့ကြောင်း ဆိုသည်။
ဓါတ်ငွေ့ကို လက်နက်အဖြစ်သုံးလျှင် ဂျာမနီနှင့်အမေရိကန်တို့ သဘောတူညီချက်အရ ပိတ်ဆို့ဒဏ်ခတ်မှုများ မော်စကိုအပေါ် သက်ရောက်စေနိုင်ကြောင်း မာကယ်က ထပ်လောင်းပြောခဲ့သည်။
ယူကရိန်း ပိုက်လိုင်းမှတစ်ဆင့် ရုရှားဓါတ်ငွေ့များ ပို့ဆောင်ရန် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ၃ နှစ်အကြာ မည်သည့်အရာ ပေါ်ပေါက်လာဦးမည်ကို စိုးရိမ်မကင်းဖြစ်နေမိကြောင်း ဇယ်လန်းစကီးက ပြောသည်။
အကယ်၍ သယ်ယူပို့ဆောင်ရေးစရိတ် ဒေါ်လာဘီလီယံများစွာ ဆုံးရှုံးခြင်းက ယူကရိန်းစီးပွားရေးကို အကြီး အကျယ် ထိခိုက်စေမည်ဖြစ်သည်။
ယခင်သီတင်းပတ် ဩဂုတ် ၂၀ ရက်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် မစ္စစ်မာကယ်က ယူကရိန်း၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ချဲ့ထွင်ရေးကူညီရန် ဒေါ်လာ တစ်ဘီလီယံကျော် ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။
ရုရှားသည် ဥရောပသမဂ္ဂ (EU) ၏ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေရသဖြင့် နော်ဝေးနိုင်ငံထက် သာလွန် သည့် အဆင့်ဖြစ်သည်။ ယခုပိုက်လိုင်းစီမံကိန်းအရ ဘောလ်တစ်ပင်လယ်အောက်ရှိ ဓာတ်ငွေ့ပမာဏကို တစ်နှစ် လျှင် ကုဗမီတာ ၅၅ ဘီလီယံအထိ တိုးတက် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများသို့ ပိုက်လိုင်းသွယ်တန်းခြင်းအားဖြင့် ဂျာမနီသည် ရုရှား၏စွမ်းအင်ကို မှီခိုနေမည်မဟုတ်ကြောင်း မစ္စစ်မာကယ်က ပြောကြားခဲ့သည်။