CNI News

၂၀၂၁ ခုနှစ် ဩဂုတ် ၂၅

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား CDF များမှ အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲ ၃ ဦး ကျဆုံးခဲ့သည်ဟု ယနေ့ ဩဂုတ် ၂၅ ရက်တွင် နစက မှ ထုတ်ပြန်ခဲ့သည်။

၎င်းပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကိုင်ဆောင်သည့် လက်နက်အချို့နှင့် ဘဏ်အတွင်းရှိ ငွေများကို ယူဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မြို့မ ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဘဏ်လုံခြုံရေးဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် CDF အကြမ်းဖက်သောင်းကျန်းသူများက ဘဏ်တွင် ငွေလာထုတ်ယူသည့် သာမန် ငွေထုတ်သူအသွင်ဖြင့် ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့များအနီး ချဉ်းကပ်ကာ ပစ္စတိုသေနတ်များဖြင့် အလစ်အငိုက် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ကျည်ထိမှန်ကာ အခင်းဖြစ်နေရာတွင် ကျဆုံးခဲ့သည်” ဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့နောက် CDF တပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက် အသံပေးပြီး ဘဏ်အတွင်းရှိ ရုံးသုံးပစ္စည်းများ၊ ကွန်ပြူတာများ၊ CCTV များအား သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီးပြီး ဘဏ်ငွေထုတ်ကောင်တာမှ ငွေကျပ် ၃၈၈ သိန်းကျော် ယူဆောင်သွားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ပြီး ဘဏ်အတွင်းရှိ နိုင်ငံတော်ပိုင်ငွေများအား လုယက်ယူဆောင်သွားသည့် CDF များကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်ဟု နစက မှ ထုတ်ပြန်ခဲ့သည်။