CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၂၀

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုသီတင်းပတ်အတွင်း ၎င်းနိုင်ငံ၏ဥစ္စာဓန ကြွယ်ဝလာမှုကို ပြန်လည် ဖြန့်ဝေပေးရန် ခိုင်မာသည့်ကတိစကားတစ်ခွန်းအနေဖြင့် သုံးနှုန်းပြောကြားခဲ့ပြီး အချမ်းသာဆုံးနိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများကို အလေးပေးလာခဲ့ကြောင်း စီအင်န်အင်န်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အာဏာရ ကွန်မြူနစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် တရုတ်သမ္မတတို့ ဩဂုတ် ၁၇ ရက်၌ တွေ့ဆုံရာတွင် မိမိအစိုးရအနေဖြင့် လူမှုတရားမျှတမှု အကျိုးစီးပွားအတွက် ဥစ္စာဓနများကို ပြန်လည်ဖြန့်ဝေပေးရမည် ဖြစ်ကြောင်း၊ အလွန်မြင့်မားလာသော ဝင်ငွေများကို ကျိုးကြောင်းဆီလျော်စွာ ထိန်းညှိရန် လိုအပ်ကြောင်း၊ ဝင်ငွေမြင့်လူတန်းစားများနှင့်လုပ်ငန်းများသည် လူ့အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်များနှင့်ပတ်သက်၍ ဆင်ဟွာသတင်းတွင် အသေးစိတ် မဖော်ပြထားသော်လည်း ရှီကျင့်ဖျင်က ၎င်း၏ရည်မှန်းချက် အောင်မြင်ဖို့ မျှော်လင့်ကြောင်း၊ သို့ရာတွင် အစိုးရက အခွန်ကောက်ခြင်း (သို့မဟုတ်)ဝင်ငွေနှင့်ဥစ္စာဓနပိုင်ဆိုင်မှုများကို ပြန်လည်ခွဲဝေပေးသည့် အခြားနည်းလမ်းများကို စဉ်းစား နိုင်ကြောင်း ကွန်မြူနစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ချပြခဲ့သည်။

(Photo-Bloomberg)

တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် အာဏာဆက်ထိန်းရန် အရေးကြီးသည့်အချက်အဖြစ် ပြည်သူများအကြား ဘုံချမ်းသာမှုရှိရန် လိုကြောင်း၊ ၂၀၄၉ ခုနှစ်အရောက်တွင် နိုင်ငံကို အပြည့်အဝဖွံ့ဖြိုးကြွယ်ဝပြီး အင်အား တောင့်တင်းသည့်နိုင်ငံအဖြစ် အသွင်ပြောင်းမည်ဖြစ်ကြောင်း၊ ထိုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၁၀၀ ပြည့်မည်ဖြစ်ကြောင်း၊ ဘုံသာယာဝပြောခြင်းသည် ပြည်သူအားလုံး ချမ်းသာခြင်းပင် ဖြစ်ကြောင်း လစဉ်တိုင်း မူဝါဒချမှတ်ရန် ကျင်းပလေ့ရှိသည့် ခေါင်းဆောင်ပိုင်း စီးပွားရေးအစည်းအဝေးတွင် ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

အထက်ပါပြောကြားချက်များသည် တရုတ်ပြည်၏သမိုင်းကြောင်းကို များစွာသယ်ဆောင်လာသောစကားရပ်များ ပါဝင်သည်။ ဥစ္စာဓနပြန်လည်ဖြန့်ဝေပေးမှုစကားရပ်ကို ရှီကျင့်ဖျင် ယခုလိုသုံးစွဲမှုသည် ပြီးခဲ့သည့် ၂၀ ရာစု အလယ်ပိုင်းက ကွန်မြူနစ်ပါတီ တည်ထောင်သူ ဥက္ကဋ္ဌ မော်စီတုံး သုံးစွဲခဲ့ပုံကို ပြန်ပြောင်းသတိရစေသည်။

ကွန်မြူနစ်ခေါင်းဆောင်ဟောင်း မော်စီတုံးလက်ထက်တုန်းကတော့ ချမ်းသာသောမြေပိုင်ရှင်နှင့်လယ်လုပ်သူများ၊ ကျေးလက်ရေပေါ်ဆီလူတန်းစားများထံမှ အာဏာဖယ်ရှား၍ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လက်သင့်ခံခဲ့သည်။ သို့သော်လည်း မော်စီတုံးသည် စီးပွားရေး၊ လူမှုရေး အသွင်ကူးပြောင်းမှုနှင့်အတူ တိုင်းပြည်ကို ကသောင်းကနင်း အုပ်ချုပ်ခဲ့သည်။ ၁၉၇၆ ခုနှစ် ၎င်းကွယ်လွန်ချိန်ကျမှ ယဉ်ကျေးမှုတော်လှန်ရေးအဆုံးသတ်ခဲ့သည်။ ထို့နောက် တိန့်ရှောင်ဖိန် ဦးဆောင်မှုအောက်တွင် တံခါးစဖွင့်ခဲ့ပြီး ဆယ်စုနှစ်များစွာ စီးပွားရေးလွတ်လပ်မှုပေးခဲ့သည်။

တရုတ်သည် တိန့်လက်ထက်မှစ၍ ဆိုရှယ်လစ်စီးပွားရေးတွင် လွတ်လပ်သောဈေးကွက်အခြေခံမူများ ထည့်သွင်းရေးကို လက်ခံခဲ့ပြီး တိန့်က ‘ဘုံသာယာဝပြောရေး’ အသုံးအနှုန်းဖြင့် ကမ္ဘာ့အကြီးဆုံး ကွန်မြူနစ် နိုင်ငံတစ်နိုင်ငံကို အနောက်အုပ်စုနှင့် ပေါင်းကူးပေးနိုင်ခဲ့သည်။

Source: CNN

#တရုတ်

#ရှီကျင့်ဖျင်

#တရုတ်ကွန်မြူနစ်ပါတီ

#ဝင်ငွေ

#တိန့်ရှောင်ဖိန်

#မော်စီတုံး

#အာဏာ

#ဥစ္စာဓန

#cninews

#CNIMyanmar

#ChannelNewsIndependent