CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့မှ ကလေးမြို့သို့ ထွက်လာသည့် စစ်တပ်ယာဉ်တန်း အစီး (၄၀) ကျော်ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (Yaw Defense Force - YDF) က တပ်ဖွဲ့ဝင် (၈) ဦးမှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး မိုင်းထိသွားသည်ဟု YDF မှ ဩဂုတ် ၁၈ ရက်ဖြင့် သတင်းထုတ်ပြန်သည်။
၎င်းတိုက်ခိုက်မှုအတွင်း စစ်သား ၂၀ ကျော်သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ၍ YDF တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်း YDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
YDF မှ တာဝန်ရှိသူ ဆင်သားလေး (တော်လှန်ရေးအမည်)က “သူတို့ မနက်ပိုင်းလောက်က ဂန့်ဂေါကနေ ထွက်ခဲ့ တာပေါ့လေ။ ကျနော်တို့က သတ်မှတ်ထားတဲ့နေရာမှာ ဝှက်ထားတာပေါ့။
သတ်မှတ်ထားတဲ့ နေရာမှာ ညနေ ၄ နာရီခွဲဝန်းကျင်မှာ ကျနော်တို့ (၈) ယောက်ရှိတယ်။ မိုင်းဆွဲလိုက်တယ်။ လူများများ ပါလောက်တယ်ဆိုတဲ့ကားကို မိုင်းဆွဲလိုက်တာပေါ့။ နှစ်စီးကို ထိသွားတယ်” ဟု ပြောသည်။
အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် YDF တပ်ဖွဲ့ဝင်များကို ပြန်လည် တိုက်ခိုက် ခဲ့သည်ဟု ၎င်းက ဆိုသည်။
ဂန့်ဂေါမှ ကလေး လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် စစ်တပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရကာ တပ်သား ၄၀ ကျော်ခန့်် ကျဆုံးပြီး အများအပြား ဒဏ်ရာရသွားသည်ဆိုသည့် သတင်းမှာ လုပ်ကြံဝါဒဖြန့်သည့် သတင်းမှာ သာ ဖြစ်ကြောင်း နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဆိုသည်။
နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့က “ဩဂုတ် ၁၈ ရက် မနက် ၁၁ နာရီခန့်တွင် ဂန့်ဂေါမြို့နယ် ဟံသာဝတီ ကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် မိုင်းစ ထိမှန် ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စိစစ်ရာ ယင်းမာပင်မြို့နေ လမ်းလုပ်သားများ လိုက်ပါလာသည့် ရွှေညီကို ကုန်တင် ယာဉ်လိုင်းမှ HINO ယာဉ်အမျိုးအစား ၆ ဘီးတပ်ယာဉ် ကလေး - ဂန့်ဂေါ ကားလမ်းအတိုင်း ကလေးမြို့သို့ မောင်းနှင်လာစဉ် ကားလမ်း၏ ဝဲ/ယာမှ ရဲလှကျေးရွာ အနီးသို့အရောက် အကြမ်းဖက်သောင်းကျန်းသူ ၅၀ ဦး ခန့်မှ လက်လုပ်ကားမိုင်း ၂ လုံးဖောက်ခွဲ၍ လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လမ်းလုပ်သား ၅ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိကာ မော် တော်ယာဉ် အနည်းငယ်ပျက်စီးခဲ့သည်” ဟု ပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အဆိုအရ ဒဏ်ရာရရှိသူများအား ဟံသာဝတီကျေးရွာ တိုက်နယ်ဆေးရုံမှ တပ်မတော် ဆေးရုံသို့ လွဲပြောင်း၍ ဆေးကုသမှု ခံယူစေပြီး ၎င်းနေရာတစ်ဝိုက် နယ်မြေတည်ငြိမ် လုံခြုံရေးအတွက် ဆောင် ရွက်သွားမည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောဆိုချက်နှင့် ယောဒေသ ကာကွယ် ရေးတပ်ဖွဲ့ (YDF)တို့ ပြောဆိုချက် ကွဲလွဲနေသည်ကို တွေ့ရှိရသည်။
#နစက
#စစ်တပ်
#ယောဒေသကာကွယ်ရေးတပ်ဖွဲ့
#YDF
#ဂန့်ဂေါမြို့
#မိုင်းဆွဲတိုက်ခိုက်
#သတင်းမှား
#CNImyanmar
#cninews
#ChannelNewsIndependent