CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၂၀

 အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)မှ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ဖြစ်သူ ဘရူးနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဟာဂျီအေရာဝမ်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ဩဂုတ် ၁၇ ရက်က တယ်လီဖုန်းဖြင့် မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း တရုတ်အစိုးရအာဘော် ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူးနိုင်ငံအနေဖြင့် တရုတ်-အာဆီယံဆက်ဆံရေးတိုးတက်အောင် ကူညီပံ့ပိုးပေးခြင်းအ‌ပေါ် အသိအမှတ်ပြုကြောင်းနှင့် တရုတ်-အာဆီယံဆက်ဆံရေးမြှင့်တင်ပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

ဘရူနိုင်းဝန်ကြီး ၏ မြန်မာ့အရေးသဘောထားအမြင်ကို ဝမ်ယိက နားထောင်ပြီးနောက် တရုတ်နှင့်အာဆီယံ နိုင်ငံများသည် မြန်မာနိုင်ငံ၏မိတ်ဆွေများဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုရရန် မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ့အရေး တရုတ်၏အကြံပြုချက် ၄ ချက်ကိုလည်း ဝမ်ယိက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါအချက် ၄ ချက်မှာ-

(၁) မြန်မာနိုင်ငံရှိ ပါဝင်သင့်သူအားလုံး ယုံကြည်မှုကို ဖြည်းဖြည်းချင်း တည်ဆောက်သွားရန်

(၂) Covid-19 တိုက်ဖျက်ရေး မြန်မာနိုင်ငံကို ဦးစားပေးပြီး အကူအညီထိရောက်စွာ ရရှိစေရန်

(၃) ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စိတ်ရှည်သည်းခံပြီး မြှင့်တင်ကျင်းပသွားရေး ဦးတည်ရန်နှင့် အစိုးရတစ်ရပ်ကို ပြည်သူ့ထံ ပြန်လည်အပ်နှင်းပြီး ဒီမိုကရေစီလုပ်ငန်းစဉ် ပြန်လည်စတင်ရန်၊ ယင်းသို့ ပြန်လည်အပ်နှင်းရာတွင် မြန်မာ့အကျိုးစီးပွားသာမက နိုင်ငံတကာအသိုင်းအဝိုင်း၏မျှော်မှန်းချက်ကိုပါ ဖြည့်ဆည်းသွားရန်

(၄) မြန်မာ့ပြည်တွင်းရေးကို ပြည်ပအင်အားစုများက ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအပါအဝင် ပြည်သူတို့၏ရွေးချယ်မှုကို စိတ်ရောကိုယ်ပါ လေးစားရန်တို့ဖြစ်သည်။

တရုတ်အနေဖြင့် မြန်မာ့အရေး နိုင်ငံရေးအရ ဖြေရှင်းရာမှာ အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဖို့ ဆန္ဒရှိကြောင်း ဝမ်ယိက ဖြည့်စွက်ပြောကြားခဲ့သည်။

ဘရူးနိုင်းဝန်ကြီးက မိမိသည် အာဆီယံအထူးသံတမန်ဖြစ်၍ မြန်မာ့အရေး အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ မြန်မာ့အရေးကိစ္စတွင် တရုတ်၏ စဉ်ဆက်မပြတ်အရေးပါသည့်အခန်းကဏ္ဍကို လေးစားထောက်ခံကြောင်းနှင့် တရုတ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်ဖို့ အားကောင်းစေရန် ဆန္ဒရှိကြောင်း တယ်လီဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့သည်။

Source: Xinhua

#မြန်မာ့အရေး

#ဘရူးနိုင်း

#တရုတ်

#အာဆီယံ

#အရှေ့တောင်အာရှ

#ဝမ်ယိ

#cninews

#CNIMyanmar

#ChannelNewsIndependent