CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာအတွင်း ဩဂုတ် (၁၀) ရက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး The Irrawaddy (ဧရာဝတီ) သတင်းဌာနက “ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် ကချင် အရပ်သားများ” ဆောင်းပါးတစ်ပုဒ်ကို ဩဂုတ် ၁၅ ရက်တွင် ရေးသား ထုတ်လွှင့်ခဲ့သည်။

၎င်းဆောင်းပါး ရေးသားချက်မှာ မှားယွင်းနေသည့် သတင်းရင်းမြစ်များကို အခြေခံပြီး ရှမ်းနီလူမျိုးနှင့် ကချင် လူမျိုးတို့အကြား လူမျိုးရေး ပဋိပက္ခအသွင်ဆောင်သည့် အသုံးအနှုန်းများဖြင့် ရေးသားဖော်ပြထားသည်ဟု ဆိုကာ ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး (SNUA) က သဘောထား ထုတ်ပြန်ခဲ့သည်။

SNUA မှ ပြောရေးဆိုခွင့်ရှိသူ ဆေခမ်းဖက “ရေးထားတဲ့ သတင်းမှာ ဖော်ပြထားတာက အချက် အလက် မခိုင်မာ ဘဲနဲ့ သတင်းရေးသားတဲ့နေရာမှာ နှစ်ဘက် ပြောစကားကို နားထောင်ပြီး သေချာရေးရမယ့်နေရာမှာ မရေးဘူး။ တစ်ဘက်ကိုပဲ မေးပြီးတော့ သူတို့ လိုရာဆွဲပြီး ရေးသွားတာကို တွေ့ရတယ်။ ဒီလိုရေးသားတာဟာ ကျနော်တို့ ရှမ်းနီ တိုင်းရင်းသားတွေရဲ့ လူမျိုးရေးသိက္ခာ၊ နိုင်ငံရေးသိက္ခာ၊ ဒီသိက္ခာ ၂ ရပ်ကို ထိပါးတယ်လို့ ကျနော်တို့က ယူဆတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်မှု မရှိသည့်အချိန်ကာလ၌ ယခုလို ရေးသားဖော်ပြချက်သည် လူမျိုး ရေး ပဋိပက္ခကို ပြန်ပြီးနှိုးဆွနေသလိုဖြစ်နေသည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

၎င်းဆောင်းပါးတွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်ဟု ရေးသားဖော်ပြထားပြီး မြန်မာနိုင်ငံအတွင်း ရှမ်းနီနာမည် တရားဝင်သုံး၍ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းထားခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

“များသောအားဖြင့် သတင်းဌာနတွေက ရှမ်းပြည်မှာရှိတဲ့ ပြည်သူ့စစ်တွေကို သုံးလို့ရှိရင် ကောင်းခါးပြည်သူ့စစ် တို့ ၊ မန်ပန်ပြည်သူ့စစ်တို့ စသည့်ဖြင့် ဒေသအခြေပြု နာမည်တွေကိုဘဲ သုံးပြီးရေးလေ့ရှိတယ်။ ဥပမာ ကောင်းခါးတို့၊ မုန်းပေါ်တို့ ဆိုရင်လည်း တိုင်းရင်းသားတွေပဲ။ သို့သော် အဲဒီ တိုင်းရင်းသားနာမည်ကို ထုတ်ပြီး မသုံးဘူး။ ဧရာဝတီသတင်းဌာနကနေပြီးတော့ ရှမ်းနီပြည်သူ့စစ်ဆိုပြီး သုံးလိုက်တဲ့ အခါကြတော့ ဒီနိုင်ငံထဲမှာ ရှိတဲ့ လူတွေရဲ့အမြင်မှာ လူမျိုးနဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဆိုပြီး တွဲပြီးသွားမြင်စေတယ်။ ဒီလိုမြင်တာ ဟာ ရှမ်းနီလူမျိုးစု တစ်ရပ်လုံးအတွက် မကောင်းဘူးပေါ့” ဟု ဆေခမ်းဖက ပြောသည်။

ဆောင်းပါးတွင် ရေးသားထားသည်မှာ ၁၉၇၆ ခုနှစ်တွင် “ရှမ်းနီစစ်သား”ဟု အသုံးပြုထားပြီး ၎င်းကာလမှာ ရှမ်းနီ စစ်သားမရှိဘဲ မည်သည့် ရှမ်းနီ လက်နက်ကိုင်တပ်ဖွဲ့မှ မရှိကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာရှင်ကို တော်လှန်နေသည့် ကာလတွင် မိမိတို့ ရှမ်းနီလူမျိုးများမှာလည်း ကဏ္ဍပေါင်းစုံ ပူးပေါင်း ပါဝင် နေပြီး ထိုသို့ အရေးကြီးနေသည့်ကာလ၌ ရှမ်းနီလူမျိုးများအပေါ် စစ်အာဏာရှင်နှင့် ပူးပေါင်းနေသယောင် အကြမ်းဖက် တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ဖူးသယောင် ရေးသားထားခြင်းသည် ရှမ်းနီပြည်သူလူထု တစ်ရပ် လုံးကို စော်ကားလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တော်လှန်ရေးကာလအတွင်း လူမျိုးရေးပဋိပက္ခအသွင် ဖော်ဆောင်ခြင်းဖြင့် စစ်အာဏာရှင်အလိုကျ ဖန်းတီး နေခြင်းလောဟု SNUA မှ ပြန်လည်မေးခွန်းထုတ်ထားပြီး ဧရာဝတီသတင်းဌာနအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာ ရှမ်းနီလူမျိုးများကို မီဒီယာမှတဆင့် စာထုတ်ပြန် တောင်းပန်ရန် တိုက်တွန်းထားသည်။

၎င်း သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး သတင်းအချက်အလက် မှားယွင်းဖော်ပြခြင်းကို ရှမ်းနီလူငယ်ကွန်ရက် (မြစ်ကြီးနား)၊ Tai Youths Network – Japan၊ ရှမ်းနီတိုင်းရင်းသား လူငယ်များ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (စစ်ကိုင်းပညာရေးတက္ကသိုလ်)၊ Shan Community In Sweden၊ Tai Student’s Union (TSU)၊ တိုင်းလိုင် လူငယ်ကွန်ရက် (ဝိုင်းမော်)၊ New Generation of Shanni Association (Inndawgyi)၊ ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်း စသည့် အဖွဲ့အစည်းများမှ ၎င်းသဘောထားကို ထောက်ခံကြောင်း ဖော်ပြထားသည်။

အထက်ပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး The Irrawaddy - Burmese Edition FB page မှ တစ်ဆင့် သဘောထားမှတ်ချက်ကို မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
လက်ရှိတွင် ရှမ်းနီတိုင်းရင်းသားနာမည်ဖြင့် ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်ဖွဲ့ တစ်ခုသာရှိသည်ဟု သိရသည်။

#ရှမ်းနီ

#တပ်မတော် (SNA) တပ်ဖွဲ့

#လူမျိုးရေးပဋိပက္ခ

#ကချင်ပြည်နယ်

#မိုးညှင်းမြို့နယ်

# ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး (SNUA)

#cninews

#CNIMyanmar

#ChannelNewsIndependent