CNI International News

ရီယတ်၊ ဒီဇင်ဘာ ၉

စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍများ အပါအဝင် တရုတ်နှင့်ဆော်ဒီနိုင်ငံတို့သည် သဘောတူညီချက်များစွာတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု Reuters သတင်းမှာ ဖော်ပြထားသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြို့တော်ရီယတ်တွင် အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသည် နှစ်နိုင်ငံဆက်ဆံရေး၌ ရေနံရောင်းဝယ်ရေးထက် ပို၍လေးနက်ကြောင်း ဖော်ပြနေသည်။

အဆိုပါ အစည်းအဝေးကို တော်ဝင်နန်းတော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆော်ဒီဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒဲလ် အဇစ် (Salman bin Abdul Aziz)၊ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆဲလ်မန် (Mohammad bin Salman) တို့နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) တို့က လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

လက်မှတ်ထိုးခဲ့သော သဘောတူညီမှုများတွင် မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်၊ ရေနံအပေါ် စီးပွားရေး မှီခိုနေရမှုကို ပြောင်းလဲရေး ဆော်ဒီ၏ Vision 2030 လိုက်လျောညီထွေမှု အစီစဉ်နှင့် တရုတ်၏ Belt & Road စီမံကိန်း တို့ ပါဝင်သည်။

ရှီကျင့်ဖျင်နဲ့ ဆော်ဒီဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒဲလ် အဇစ် သဘောတူစာချုပ် လက်မှတ်ထိုးအပြီး လဲလှယ်နေစဉ် (GETTY IMAGES)

ဟိုက်ဒရိုဂျင် စွမ်းအင်၊ ဆိုလာစွမ်းအင်၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ယာ စီမံကိန်းများတွင်လည်း နားလည်မှု စာချွန်လွှာများ ပါဝင်သည်။ ဆော်ဒီဘုရင် ဆဲလ်မန်သည် ထင်သာမြင်သာရှိသော မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်ကိုလည်း သမ္မတရှီနှင့် လက်မှတ်ရေးထိုးသည်။

သမ္မတရှီကို ဆော်ဒီဘက်မှ အခမ်းအနားဖြင့် ကြီးကြီးကျယ်ကျယ် ကြိုဆိုခဲ့ပြီး ဆော်ဒီမီဒီယာတစ်ခုနှင့် တွေ့ဆုံရာ တွင် ယခုခရီးစဉ်သည် တရုတ်နှင့် အာရပ်ကမ္ဘာ၊ ပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများနှင့် ဆော်ဒီတို့၏ ဆက်ဆံရေး ခေတ်သစ်တစ်ခု ထူထောင်ရန် အစပျိုးသည့် ခရီးစဉ်ဖြစ်သည်ဟု ညွှန်းဆိုခဲ့သည်။

တရုတ်နှင့် အာရပ်နိုင်ငံများသည် ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေး မူဝါဒအား ဆက်လက် ကိုင်ဆွဲကာ၊ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စများတွင် အပြန်အလှန် အခိုင်အမာ ထောက်ပံ့သွားမည်ဟုလည်း ရှီက ပြောသည်။

ဆော်ဒီသည် ကမ္ဘာ့အကြီးမားဆုံး ရေနံရောင်းချသည့် နိုင်ငံဖြစ်ကာ တရုတ်က ၎င်းတို့၏ အကြီးဆုံး ဖောက်သည် ဖြစ်သောကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ရေနံမှာ အရေးပါသည်။ ထို့ကြောင့် နှစ်နိုင်ငံစလုံးမှ စွမ်းအင်ကိစ္စ အပြင် တရားသော ကဏ္ဍများတွင်လည်း ဆက်ဆံရေး ခိုင်မာစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

Source: Reuters