CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၁

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် သတ်ဖြတ်နေမှုများ လျှော့ချနိုင်ရေး အာဆီယံ အထူး ကိုယ်စားလှယ်ကို အပစ်ရပ်(၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ တောင်းဆိုသွား မည်ဟု အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လတ်တလော အနေအထားအရ တစ်ဖက်နှင့်တစ်ဖက် တင်းမာနေသည့် အခြေအနေကြောင့် နိုင်ငံရေး ဆွေးနွေးရေးအဆင့် ပြုလုပ်ရန် မလွယ်ကူသေးကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လက်ရှိ နိုင်ငံရေးအခြေအနေက ဝေးတယ်ဗျ။ နိုင်ငံရေးဆွေးနွေးဖို့က အလှမ်းဝေးတယ်၊ ကျနော်တို့ ဖက် တင်ပြနိုင်တာက ပဋိပက္ခတွေ လျှော့ပါ၊ သတ်တာဖြတ်တာတွေ လျှော့နိုင်အောင် ကြိုးစားပါ၊ အရပ်သားတွေကို အကာ အကွယ်ပေးဖို့အတွက် စီစဉ်ပါ၊ အခု ဒုက္ခသည်တွေ အင်မတန်မှ စားနပ်ရိက္ခာရော၊ လုံခြုံရေး‌ရော ပျက်စီးနေတယ်၊ အဲဒါတွေ ကို အမြန်ဆုံး ဝင်ရောက်ကူညီနိုင်ဖို့ နည်းလမ်းရှာပါ ဒါပဲပြောနိုင်တယ်။ နိုင်ငံရေး အဆင့်တို့၊ ဆွေးနွေးရေး အဆင့်တို့ ရောက်ဖို့ မလွယ်သေးဘူး။ ဘာလို့လဲဆို‌တော့ တင်းမာနေကြတာ အထွတ်အထိပ် ရောက်နေတာကို”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ မတ်လ၂၀ ရက်တွင် လာရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန် (Prak Sokhonn) နှင့် နစကဥက္ကဋ္ဌတို့ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် PPST က အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေး နွေး နိုင်ရေး အသင့်ပြင်ဆင်ထားရန် နစကဘက်က ပြောကြားထားကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကို တွေ့ရစဉ်

ပြီးခဲ့သည့် ရက်ပိုင်းက အာဆီယံအထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါတို့ တွေ့ဆုံစဉ် EAO များနှင့် တွေ့ဆုံရန် တိုက်တွန်းထားကြောင်း သိရ သည်။

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်ရောက်ရှိပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံလို ကြောင်း ၎င်း၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၎င်းက “နစက စာပို့ထားတာတော့ မဟုတ်ဘူး။ တွေ့ဆုံဖို့ကို အဆင်သင့် ပြင်ထားပါလို့ သူပြောတယ်။ ကိုယ်စားလှယ် လာဖို့ ရက်ကိုလည်း သူတို့လည်း အတိအကျ မပြောသေးဘူး။ လိုလိုမယ်မယ် ပြင်ထားပါလို့ပဲ ပြောတယ်ဗျ။ အဲဒါတစ်ခု ‌နောက် တစ်ခုက ကျ‌နော်တို့ အထူးကိုယ်စားလှယ်ဆီကလည်း ကျနော်တို့က သူတွေ့ဆုံလိုတယ်ဆိုတဲ့ အချက်ပေးတာလေးလည်း ကျနော်တို့ နားထောင်နေတယ်။ စာပေးမှု အဆင့်မရောက်တာတောင်မှ သူ့ရဲ့ မှတ်ချက်ထဲမှာ သူ့ရဲ့ Email ထဲမှာ သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗမာပြည်သွားရင်တော့ EAO နဲ့လည်း တွေ့ချင်ပါတယ်ဆိုတဲ့ဟာလေးကို ကျနော်တို့ နားထောင်နေ ပါတယ်ဗျ။ အဲတာလေး ထွက်လာရင် ကျ‌နော်တို့ စဉ်းစားမယ်လေ။ အခုတော့ ကျနော်တို့ အပြည့်အစုံ မပြောနိုင်သေးဘူး။ ရက်က လည်း ကြာနေတယ် ၂၀ ရက်နေ့မှဆိုတော့ ကျနော်တို့ ဒီကြားထဲမှာ နည်းနည်းလေး အချက်အလက် နည်းနည်းစု နေတယ်” ဟု ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်မှ မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြင့် တွေ့ဆုံလိုခြင်းနှင့် ပတ်သက်၍ ဝမ်း မြောက်ကြောင်း၊ တွေ့ဆုံနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ယနေ့ (မတ်လ ၁၁ ရက်) ကျင်းပသည့် PPST အစည်းအဝေးတွင် ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားခဲ့သည်။