CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀

အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် အိန္ဒိယသံရုံးတို့ ဇွန်လ ရက်နေ့က တွေ့ဆုံ၍ ဖက်ဒရယ်အရေး ဆွေးနွေးခဲ့ကြကြောင်း PPST ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

လက်ရှိ အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသော ဖက်ဒရယ်ပုံစံကို ဆွေး‌ဆွေးခဲ့ကြကြောင်း၊ EAO ၇ ဖွဲ့တွင် တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်က “PPST ရယ်လို့တော့ မဟုတ်ပါဘူး။ EAO ၇ ဖွဲ့ပေါ့လေ၊ EAO ၇ ဖွဲ့မှာ ကိုယ်စားလှယ် တစ်ဖွဲ့ကို ၂ ယောက်စီနဲ့ Workshop လုပ်တာပါ၊ အိန္ဒိယနိုင်ငံ၊ အိန္ဒိယသံရုံးက ကမကထ လုပ်ပြီးတော့ ကျင်းပတာ ပါ၊ အိန္ဒိယသံရုံးက အိန္ဒိယပညာရှင် တစ်ယောက်အကူအညီနဲ့ အိန္ဒိယနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဖက်ဒရယ် System တွေ အတွေ့အကြုံတွေ မျှတွေပေးတာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖာလ်မြို့လေဆိပ်ကိုတွေ့ရစဉ်

အိန္ဒိယနိုင်ငံတွင် ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စု နယ်မြေ ၇ ခု ရှိကြောင်း၊ ထိုအထဲမှာ ပထဝီကို ကိုယ်စားပြု သော ပြည်နယ်၊ လူမျိုးစုကို ကိုယ်စားပြုသော ပြည်နယ်နှင့် အမျိုးသားများ ပြည်နယ်ဟု ဆိုကာ ရှိကြောင်း သိရသည်။ 

အိန္ဒိယနှင့် ဖက်ဒရယ်အကြောင်း ဆွေးနွေးခဲ့သော အပစ်ရပ် ၇ ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူ ဒီမိုကရက်တစ် အစည်အရုံး(LDU)တို့ ဖြစ်ကြသည်။

အိန္ဒိယအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖက်ဒရယ်နှင့် ပတ်သက်၍ သင်တန်းပို့ချခြင်း၊ ဆွေး‌နွေး ခြင်းများ လုပ်ခြင်းက ကောင်းမွန်ကြောင်း၊ သို့သော်လည်း အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ ဖက်ဒရယ်အပေါ် စိတ်ဝင်စားမှု၊ သဘောတူမှု လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား ညီလာခံတစ်ခုကိုတွေ့ရစဉ်

ဦးရဲထွန်းက “ဖက်ဒရယ်စနစ်က ကမ္ဘာပေါ်မှာ ကျင့်သုံးတဲ့ပုံစံ အမျိုးမျိုးရှိတယ်၊ အမျိုးမျိုးရှိတယ်၊ နောက်တစ်ခါ ဖက်ဒရယ်ယူနစ်တွေက ရရှိတဲ့ အာဏာ၊ အာဏာတွေကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြဘူးပေါ့နော်၊ အာဏာခွဲဝေရရှိတဲ့ အာဏာကျင့်သုံးပုံကလည်း မတူကြဘူး။ ဆိုတော့ ဘယ်လောက် အတိုင်းအတာအထိ အိန္ဒိယ မှာ လုပ်ပိုင်ခွင့်ရှိတယ်၊ ဘယ်နိုင်ငံကတော့ ဘယ်လောက် အတိုင်းအတာအထိရှိတယ် စသဖြင့်ပေါ့နော်၊ ဥပမာ အမေရိကန်မှာ ဆိုလို့ရှိရင် ပြည်နယ်အစိုးရကို အစိုးရဖြစ်တဲ့ သမ္မတက ဘာမှ သူက ထိန်းထားလို့ ချုပ်ထားလို့ မရဘူး။ သူ့မှာ လုံးဝ လွတ်လပ်တယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဆိုတဲ့ လူထုရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး အစိုးရခေါင်းဆောင်ကို သမ္မတက ဖြုတ်လည်း မဖြုတ်နိုင်ဘူး။ အပြစ်လည်း မပေးနိုင် ဘူး။ နောက်တစ်ခါ နာမည်စာရင်း တင်သွင်းဖို့ ခန့်ထားလို့လည်း မရဘူး။ ဆိုတော့ အိန္ဒိယနဲ့ မတူတာက လုံးဝ လွတ်လပ်တာပေါ့၊ ဒီဟာတွေမှာ ခုနက ပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တစ်ခုခု မှာ အားလုံးက ဒီပုံစံတော့ သဘောကျတယ်ဆိုတဲ့ဟာမျိုးပေါ့၊ အများစုက အဲဒီလိုဟာမျိုး ရှိရင်တော့ ပိုပြီးတော့ ညှိနှိုင်းလို့ ကောင်းတာပေါ့၊ ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရယ်စနစ်အမျိုးမျိုးကို လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖက်ဒရယ်စနစ်ကို အမေရိကန်၊ ဂျာမနီ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ မက္ကဆီကို၊ နိုင်ဂျီးရီးယာ၊ စပိန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာ အပါအဝင် နိုင်ငံပေါင်း ၈၈ နိုင်ငံက မတူညီသော ပုံစံများဖြင့် ကျင်းသုံးကြ‌ ကြောင်း သိရသည်။