CNI International News

ဘဲဂရိတ်၊ မတ်လ ၁၁

ယူကရိန်းတွင် ရုရှား၏ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကို စောင့်ကြည့်နေကြသည့် ဥရောပနိုင်ငံတချို့က နောက်ထပ်ရုရှားပစ်မှတ်မှာ ၎င်းတို့ဘက်လှည့်လာလေမလားဟု စိုးရိမ်မှုများ ရှိလာကြောင်း အေပီသတင်းအရ သိရသည်။

ထိရှအလွယ်ဆုံးဖြစ်မည့်နိုင်ငံများကတော့ နေတိုးအုပ်စုဝင်မဟုတ်သည့် နိုင်ငံများ (သို့မဟုတ်) ဥရောပသမဂ္ဂ (EU)အုပ်စုဝင်နိုင်ငံများ ဖြစ်နိုင်ခြေရှိသည်ဟု အနောက်နိုင်ငံများမှ အစိုးရအရာရှိများက ပြောကြသည်။ သီးသန့် နေလေ့ရှိပြီး အကာအကွယ်မဲ့သည့် မော်လ်ဒိုဗာနှင့် ဂျော်ဂျီယာတို့အပြင် ဘော့စနီးယားနှင့် ကိုဆိုဗိုပြည်နယ်များ လည်း ယင်းသို့ထိရှအလွယ်ဆုံး နိုင်ငံများစာရင်းထဲတွင် ပါဝင်သည်။ မော်လ်ဒိုဗာသည် ယူကရိန်းနှင့် အိမ်နီးချင်း ဖြစ်ပြီး ဂျော်ဂျီယာမှာ ရုရှားနှင့်အိမ်နီးချင်းဖြစ်သကဲ့သို့ တစ်ချိန်က ယင်းနှစ်နိုင်ငံစလုံးသည် ဆိုဗီယက် ပြည်ထောင်စု၏အစိတ်အပိုင်းများ ဖြစ်ခဲ့ကြဖူးသည်။

သို့သော်လည်း မော်စကို၏ စစ်ရေးအရ တိုက်ရိုက်စွက်ဖက်မှု (သို့မဟုတ်) နိုင်ငံရေးမတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းလာနိုင်သည့် နိုင်ငံများတွင် ရုရှားတံခါးပေါက်အနီး၌ တည်ရှိနေသည့် အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူဝေးနီးယားကဲ့သို့ နေတိုးအုပ်စုဝင်များပင် ဖြစ်နိုင်ခြေရှိကြောင်း လေ့လာသုံးသပ်သူများက သတိပေးလာ ကြသည်။

“ဒါက ယူကရိန်းအတွက်တင် ရည်ရွယ်တာမဟုတ်ဘူးလို့ စကတည်းက ဗလာဒီမာပူတင် ပြောပြီးသားပါ” ဟု ဂျာမန်မာရှယ်ရန်ပုံငွေအဖွဲ့၏ ဝါဆောရုံးခွဲမှ ဒါရိုက်တာ မီချယ်ဘရာနိုဝါစကီ (Michal Baranowski) က သုံးသပ်ပြသည်။

“ကိယက်ဗ်အစိုးရအပြောင်းအလဲအပါအဝင် သူ့ရဲ့တောင်းဆိုချက်တွေ စာရင်းပြုစုနေချိန်မှာ သူ(ပူတင်) ဘာလုပ် ချင်တယ်ဆိုတာ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် နေတိုးရဲ့ အရှေ့ဘက်ခြမ်း တိုးချဲ့မှုနဲ့ ကျန်တဲ့အရှေ့ဥရောပ အစိတ် အပိုင်းတွေနဲ့ ပတ်သက်လို့လည်း သူပြောခဲ့ပြီးပါပြီ” ဟု ၎င်းက အေပီသတင်းဌာနသို့ အင်တာဗျူးထဲတွင် ရှင်းပြ သည်။

ရက်သတ္တနှစ်ပတ်ကြာ ရုရှားထိုးစစ်ကို ယူကရိန်း ကြံ့ကြံ့ခံတွန်းလှန်နေချိန်တွင် ဘရာနိုဝါစကီက “သူ့ရဲ့တခြား ရည်မှန်းချက်တွေကို ဘယ်လိုအကောင်အထည်ဖော်ဦးမယ်ဆိုတာ အခုလတ်တလော အတိအကျ မသိရသေး ပါဘူး” ဟု ဗလာဒီမာပူတင်၏ခြေလှမ်းနှင့်ပတ်သက်၍ ကောက်ချက်ချခဲ့သည်။

သို့သော် ယူကရိန်းစစ်ပွဲ၌ မော်စကို၏ဥရောပဒေသတွင်း လွှမ်းမိုးမှုပြန်လည်ရယူဖို့ ကြိုးပမ်းရာ၌ ဝါဆောစစ် စာချုပ်ဟောင်းမှ အဖွဲ့ဟောင်းများကို ပိုမိုကျယ်ပြန့်စွာ တဖန်ချုပ်ကိုင်ဖို့ ရှေ့ပြေးအနေဖြင့် အရှေ့ဥရောပနှင့် ဥရောပအလယ်ပိုင်းတွင် အထူးစိုးရိမ်ပူပန်နေခဲ့ကြသည်။ ၎င်းတို့စိုးရိမ်ပူပန်မှုကိုလည်း ဘိုင်ဒန်အစိုးရက ကောင်းကောင်း သိနားလည်ပြီးဖြစ်သည်။

EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရဲလ် (Josep Borrell) က “ရုရှားသည် ယူကရိန်းမှာပင် ၎င်း၏ချဲ့ထွင်မှု ရပ်တန့်သွားမည်မဟုတ်ကြောင်း” မှတ်ချက်ချခဲ့သည်။

“အိမ်နီးချင်း မော်လ်ဒိုဗာ၊ ဂျော်ဂျီယာနဲ့ ဘော်လကန်ဒေသအနောက်ခြမ်းနိုင်ငံတွေအတွက် ကျနော်တို့ စိုးရိမ် ပါတယ်” ဟု ၎င်းက ပြောသည်။
“ရုရှားက မတည်မငြိမ်ဖြစ်အောင် နှိုးဆွပေးတာကို ခံရနိုင်ခြေရှိတဲ့ ဘော့စနီးယားကို ကျနော်တို့ စောင့်ကြည့် ရမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

Source: AP