CNI International News
ဘဲဂရိတ်၊ မတ်လ ၁၁
မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)နှင့် ယူကရိန်းတို့ ကင်းကွာသွားပြီဖြစ်၍ ယူကရိန်းအာဏာပိုင်များ မော်စကိုနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး လက်ရှိပဋိပက္ခအတွက် အဖြေရှာသင့်ကြောင်း ဆားဘီးယား လွှတ်တော်ဥက္ကဋ္ဌနှင့် နိုင်ငံရေးခြားရေးဝန်ကြီးဟောင်း အီဗီကာဒက်ဆစ် (Ivica Dacic) က မတ်လ ၁၀ ရက်တွင် တိုက်တွန်းခဲ့သည်ဟု ရုရှားအာဘော် Tass သတင်းဌာနက ရေးသားဖော်ပြသည်။
“နေတိုးအတွင်းရေးမှူးချုပ် ဂျန်စ်စတိုလန်ဘတ်ချ်က ပဋိပက္ခမပြန့်ပွားအောင် တားဆီးစရာတွေအားလုံး လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါက ယူကရိန်းဘက်ခြမ်းကို ပျံ့နှံ့သွားတယ်လို့ ဆိုလိုတာ မဟုတ်ပါ ဘူး။ ဒါပေမယ့် စောင့်ရမယ်။ သူတို့က ယူကရိန်းတစ်ခုတည်းအတွက် မဟုတ်ဘူး။ နေတိုးရဲ့မဟာမိတ်တွေကို ကာကွယ်ဖို့ပဲ တာဝန်ရှိတယ်လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ယူကရိန်းသမ္မတဇာလန်းစကီးနဲ့ ပူတင်တို့ တိုက်ရိုက်တွေ့ပြီး ပဋိပက္ခဖြေရှင်းဖို့ပါပဲ” ဟု အီဗီကာ ဒက်ဆစ်က ထောက်ပြခဲ့သည်။
၂၀၁၅ ခုနှစ်က ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်အဖွဲ့(OSCE) ၌ ဆားဘီးယားအနေဖြင့် ဥက္ကဋ္ဌ တာဝန် ယူချိန်၌ ဥရောပအရေးဆောင်ရွက်ခဲ့ပုံများကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ မင့်ခ်မြို့သဘောတူညီ ချက်များကို အကောင်အထည်ဖော်ရန်အတွက် အီဗီကာဒက်ဆစ်သည် ကိယက်ဗ်နှင့် ဒွန်နက်ဆက် တို့ဆီသို့ သွားရောက်၍ လုပ်ငန်းဆောင်တာအချို့ကိုလည်း ထိုစဉ်က ဆောင်ရွက်ပေးခဲ့ဖူးသည်။
“ဒါပေမယ့် ရုရှားတိုက်ထုတ်ဖို့ ဆန္ဒရှိနေသရွေ့ အနောက်အုပ်စုက ယူကရိန်းကို အာရုံစိုက်နေတော့မယ်ဆိုတော့ အဲဒီတုန်းက ကျနော် အတိအလင်း သိပြီးသားဗျ” ဟု ဆားဘီးယားလက်ရှိလွှတ်တော်ဥက္ကဋ္ဌ ဒက်ဆစ်က အလေး ပေးပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားသမ္မတ ပူတင်က ယူကရိန်းရှိ ဒွန်ဘတ်ရီပက်ဘလီကန်ခေါင်းဆောင်များ၏ တောင်းဆိုချက်အရဟု ပြောကာ ယူကရိန်းပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ယင်းအပေါ် တုံ့ပြန်သည့် အနေဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်၊ အခြားနိုင်ငံအများအပြားက ရုရှားဘက်မှ လူပုဂ္ဂိုလ်များနှင့်အဖွဲ့ အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ အသီးသီးကြေညာခဲ့ကြသည်။
Source: Tass.com