CNI International News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မတ်လ ၁၁ ရက်တွင် မော်စကိုမှာ တွေ့ဆုံ၍  နှစ်နိုင်ငံကိစ္စရပ်များအပြင် ယူကရိန်းအရေးကို ဆွေးနွေးကြမည်ဟု ဘယ်လာရုစ်နိုင်ငံပိုင်သတင်းအေဂျင်စီ Belta အား ကိုးကား၍ CNN သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

အဆိုပါ တွေ့ဆုံတွင် ပူတင်နှင့် လူကာရှန်ကိုတို့သည် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊  ရုရှား -ဘယ်လာရုစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်မှုအခြေအနေများ၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများအောက်မှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသတွင်း ယူကရိန်းအခြေအနေများ စသည့် အခြေအနေများကို ဆွေးနွေးကြမည်ဟု သိရသည်။

ဘယ်လာရုစ်သည် ရုရှား၏မဟာမိတ်ဖြစ်ပြီး  လက်ရှိ ယူကရိန်းကို ရုရှားက တိုက်ခိုက်နေရာတွင် ဘယ်လာရုစ် နယ်မြေများကို အသုံးပြု၍ တိုက်ခိုက်မှုများ ရှိနေသည်။ 

ယူကရိန်းနှင့် ရုရှားကြား ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်နိုင်ရေးအတွက်ကိုလည်း ဘယ်လာရုစ်နိုင်ငံက ၎င်း နိုင်ငံအတွင်း တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိနေသည်။

လက်ရှိတွင် ယူကရိန်းနှင့် ရုရှား ကိုယ်စားလှယ်များသည် ဘယ်လာရုစ်နိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသလို မတ်လ ၃ ရက်မှာတော့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Source: CNN