CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမြအေးကို ယနေ့(မတ်လ ၁၀ ရက်) အင်းစိန်ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ကြောင်း သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က သူ၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရေးသား ဖော်ပြထားသည်။

မဝေနှင်းပွင့်သုန်က “ ဒီနေ့ အဖေ ဦးမြအေးကို ၅၀၅ (ဂ)နဲ့ ထောင်ဒဏ် ၂ နှစ်ဆိုပြီး အမိန့်ချလိုက်ပါပြီ။ ဒီနေ့က အဖေ့ရဲ့ ၅၆ နှစ်မြောက် မွေးနေ့ဖြစ်သလို မတရားဖမ်းဆီးချုပ်နှောင်ခံနေတာ ၁ နှစ် ၁ လနဲ့ ၁၀ ရက်ကြာခဲ့တဲ့နေ့လည်း ဖြစ်တယ်။ စစ်ခုံရုံးနဲ့အသွင်မကွာလှတဲ့ အင်းစိန်ထောင်ထဲက တရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးတော့ ဒီနေ့ အမိန့်ချလိုက်တာပါ ”ဟု ရေးသားထားသည်။

ကိုမြအေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က NLD အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော် အရေးပေါ် ကြေညာသည့် နေ့ကတည်းက ဖမ်းဆီးခဲ့သည်။ထို့နောက် ပုဒ်မ ၅၀၅(ဂ)ဖြင့် ယနေ့(မတ်လ ၁၀ ရက်) ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။