CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၉

လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းတို့မှ တပ်မတော်စခန်းများ ဆုတ်ခွာရန် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၆ က အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့သည်။

မတ်လ ၇ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့သည့် အသိပေး အကြောင်းကြားစာတွင် အဆိုပါဒေသမှ တပ်မတော်စခန်းများ သုံးရက်အတွင်း ဆုတ်ခွာရန် အသိပေး ဖော်ပြထားသည်။

အဆိုပါ အသိပေး အကြောင်းကြားစာကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က လက်မှတ်ရေးထိုးထားသည်။

ထို့နောက် KNU ဒူးပလာယာခရိုင်အတွင်း ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ကာ တပ်မတော်က ထိုးစစ်ဆင်မှုကြောင့် လေးကေ့ကော်မြို့သစ် အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူလူထုများ မိမိတို့ ကျေးရွာများကို စွန့်ခွာ ထွက်ပြေးနေရကြောင်း ထိုအကြောင်းကြားစာတွင် ပြောထားသည်။

အဆိုပါ ဒေသတွင် တပ်မတော်အနေနှင့် ယနေ့တိုင် တပ်စွဲအခြေပြု လှုပ်ရှားမှုကြောင့် တိုက်ပွဲရှောင် ပြည်သူများ နေရပ်ပြန် နိုင်ရေး ခက်ခဲနေကြောင်းလည်း KNU တပ်မဟာ-၆ က ပြောသည်။

ထို အခြေအနေများကြောင့် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ် တောင်ပိုင်းဒေသများအတွင်း ဝင်ရောက် တပ်စွဲ အခြေပြု လှုပ်ရှားနေသည့် တပ်မတော် စခန်းများကို အသိပေး အကြောင်းကြား ထုတ်ပြန်သည့် ရက်မှ (၃) ရက်အတွင်း ပြန်လည် ဆုတ်ခွာရန်လည်း အသိပေးထားသည်။

ထိုသို့ ဆုတ်ခွာခြင်းမရှိပါက နောက်ပိုင်းဖြစ်ပေါ်လာမည့် အကျိုးဆက်များ ပြဿနာများသည် KNU ၏ တာဝန် မဟုတ် ကြောင်းလည်း အသိပေး အကြောင်းကြားစာတွင် ဖော်ပြထားသည်။

KNU နှင့် တပ်မတော်တို့အကြား မြဝတီ၊ သထုံ၊ ဘားအံ၊ ဖာပွန် စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေ ကြောင်း သိရသည်။

KNU သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ဖြစ်သည်။