CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀

စီးပွားရေးအမြင်သည် နိုင်ငံရေးအမြင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး စီပွားရေးအားကို ကောင်းအောင် ဆောင်ရွက်ပေး နိုင်မည်ဆိုပါက အေးချမ်းသာယာသည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌသည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် မတ်လ ၉ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “စီးပွားရေးသည် နိုင်ငံတစ်နိုင်ငံ၏ အဓိက မောင်းနှင်းအားပင်ဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် စီမံဆောင်ရွက်ပေးရန် မဖြစ်မနေလိုအပ်သည်”ဟု ပြောသည်။

ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်း ကာလတွင် ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်သည့် ပြည်ပချေးငွေများဖြင့် ဆောင်ရွက် ထားရှိသည့် ပြည်တွင်း အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် အရေးပါသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ရပ်တန့်ပစ်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့် လုပ်ငန်းများရပ်တန့်သွားပြီး ချေးငွေ၊ အတိုး၊ အရင်းများ အလဟဿ ပေးဆပ်ခဲ့ရကြောင်း ၎င်းက ပြောသည်။

ထို့ပြင် မိမိတို့နိုင်ငံ၌ စက်သုံးဆီ၊ စားသုံးဆီ အခြေခံဆောက်လုပ်ရေးပစ္စည်များနှင့် ချည်ထည်ပစ္စည်းများကိုလည်း နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ၍ တင်သွင်းနေရသဖြင့် ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုသည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိများကိုတွေ့ရစဉ်

၎င်းက “စီးပွားရေးအမြင်သည် နိုင်ငံရေးအမြင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး စီးပွားရေးအားကို ကောင်းအောင် ဆောင်ရွက် ပေးနိုင်မည်ဆိုပါက အေးချမ်းသာယာသည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ လျင် လူနေမှုဘဝမြင့်မားလာမည် ဖြစ်သဖြင့် နိုင်ငံအတွက် စီးပွားရေးအမြင်များ တိုးတက်လာစေရန်နှင့် စီးပွားရေး စီမံခန့် ခွဲမှုများ မြင့်မားလာစေရန် လေ့လာအားထုတ်ရမည်”ဟု ပြောသည်။

ထို့နောက် နစကအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် ၂ ခုအဖြစ် တိုးပြည်သာယာဝပြောရေးနှင့် စား၊ရေ၊ရိက္ခာဖူလုံရေးကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေး လုပ်ငန်းစဉ် ၂ ခုအဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည် ဆောင်ရွက်လျက်ရှိ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလှမ်းများ ရှားပါးနေသလို ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်နေခြင်း၊ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေခြင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။

အလားတူ စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျနေပြီး တရားဥပဒေ စိုးမိုးရေးအားနည်းကာ အမှုအခင်းများ ပေါများလာခြင်းများ ဖြင့်လည်း ရင်ဆိုင်နေရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။