CNI International News

ဘဂ္ဂဒက်၊ မတ်လ ၉

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်အနီးတဝိုက်တွင် “ရုရှားကို ကျနော်တို့ ထောက်ခံတယ်” ဟူသော စာတန်းဖြင့် ဗလာဒီမာပူတင်၏ ဧရာမပိုစတာ ကပ်ထားခဲ့ရာ နာရီအနည်းငယ်အကြာ၌ သက်ဆိုင်ရာလုံခြုံရေးများ ရောက်ရှိ လာပြီး ချက်ချင်းဖြုတ်ချခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

ယင်းဖြစ်စဉ်နောက်ပိုင်းတွင် လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်တစ်ရပ်ကို အီရတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီး ပူတင်ပုံအားလုံး အများပြည်သူမြင်ကွင်း၌ ချိတ်ဆွဲခြင်းကို တားမြစ်သွားမည်ဟု အေပီက ဆက်လက်ရေးသားထားသည်။

အလားတူ လက်ဘနွန်နိုင်ငံတွင်လည်း ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို ရှုတ်ချကြောင်း အစိုးရ၏ ရပ်တည် ချက်အား ကြားနေပေးဖို့ အင်အားကောင်းသည့် ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့က တောင်းဆိုခဲ့သည်။

အထက်ပါဖြစ်စဉ်များသည် မော်စကိုဩဇာလွှမ်းမိုးမှု လျော့ပါးသွားချိန်၌ အရှေ့အလယ်ပိုင်းဒေသတွင် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်းသဘောထားကွဲလွဲမှုများကို ပြသနေသည်။

အနောက်အုပ်စုနိုင်ငံများနှင့် နီးကပ်သောမဟာမိတ်ဖွဲ့ထားကြသည့် အရှေ့အလယ်ပိုင်းထိပ်တန်း နိုင်ငံရေး လောက၌ ရုရှား (သို့မဟုတ်) အမေရိကန်နှင့် ဥရောပတို့၏ရပ်တည်ချက်များကို ခွဲခြားစိတ်ဖြာဖို့ သတိကြီးကြီး ရှိနေကြသည်။

သို့သော် အီရတ်ရှိ ရှီးယိုက်တပ်ဖွဲ့များ၊ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ယီမင်ရှိ ဟူသီသူပုန်များအထိ ယူကရိန်း အရေး၌ ရုရှားဘက်ကို ထောက်ခံကြောင်း ကြွေးကြော်နေကြသည်။

ပူတင်သည် တီဟီရန်နှင့်နီးကပ်သော ဆက်ဆံရေးရှိနေပြီး သမ္မတဘတ်ရှာအာဆတ်ကို ထောက်ခံလျက် ဆီးရီးယားပြည်တွင်းစစ်၌ ရုရှားပါဝင်စွက်ဖက်မှုအပေါ် ဆီးရီးယားအများစု၏ထောက်ခံမှုအား ရရှိခဲ့သည်။

ပူတင်၏အနေအထားမှာ အမေရိကန်များနှင့်မတူဘဲ ၎င်းမဟာမိတ်များကို စွန့်လွှတ်မှုမရှိသည့်အပြင် တည်ငြိမ်၍ ယုံကြည်ရသော လက်တွဲဖော်အဖြစ် အရှေ့အလယ်ပိုင်းအုပ်စုတချို့က ရှုမြင်‌နေကြသည်။

“အီရတ်ဟာ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်နေပေမယ့် တဖက်သတ် ရှုတ်ချတာမျိုး မလုပ်ပါဘူး” ဟု ဘဂ္ဂဒက်မြို့ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ အီဟာဆန်အယ်လ်ရှာမယ်ရီက အေပီသတင်းဌာနသို့ ပြောသည်။ အီရတ်သည် ရုရှား နှင့်အနောက်အုပ်စု အကျိုးစီးပွားများကို မျှဝေရသဖြင့် ကြားနေပေးဖို့ လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသတွင်းရှိ အီရန်မဟာမိတ်များကလည်း “၎င်းတို့သည် အမေရိကန်နှင့်အနောက်အုပ်စုကို ဆန့်ကျင်ကြောင်း၊ ရုရှားသည် ၎င်းတို့မဟာမိတ်ဖြစ်သည်ဟု ယုံကြည်ကြောင်း” ပြောကြားခဲ့ကြသည်။

ရုရှားသည် အီရတ်နှင့် မြောက်ပိုင်းကာ့ဒ်နယ်မြေများတွင် ဒေါ်လာ ၁၄ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားပြီး စွမ်းအင် ကဏ္ဍကို ဦးစားပေးဆောင်ရွက်နေကြောင်း မော်စကိုသံအမတ်ကြီး အီဘရက်ကူထရာရှက်ဗ်နှင့် မကြာသေးမီက ပြုလုပ်သည့်အင်တာဗျူးကို အီရတ်ကာ့ဒ်သတင်းဌာနဖြစ်သော Rudaw က ထုတ်လွှင့်ခဲ့သည်။

အီရတ်နိုင်ငံ၌ လုပ်ငန်းလည်ပတ်နေသော အဓိကရေနံကုမ္ပဏီများတွင် ရုရှားမှ Lukoil, Gazprom Neft နှင့် Rosneft တို့လည်း ပါဝင်ကြသည်။ တစ်ချိန်တည်းမှာပင် အီရတ်သည် အမေရိကန်နှင့် နီးကပ်သောဆက်ဆံရေးကို ထိန်းထားပြီး အနောက်အုပ်စုကုမ္ပဏီများဖြင့်လည်း အီရတ်ရေနံကဏ္ဍ စဉ်ဆက်မပြတ် လည်ပတ်နိုင်အောင် ကြံဆောင်လုပ်ကိုင်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်၌ ရုရှားထိုးစစ် ရပ်တန့်ရန်နှင့် ယူကရိန်းမှ ၎င်းတပ်ဖွဲ့ဝင်များ ပြန်ရုပ်သိမ်းရန် တောင်းဆို ကြသည့် ကုလသမဂ္ဂအထွေထွေညီလာခံ မဲခွဲဆုံးဖြတ်မှုတွင် မဲမပေးဘဲနေသော ၃၅ နိုင်ငံထဲတွင် အီရတ်အပါအဝင် ဖြစ်ခဲ့သည်။ လက်ဘနွန်က ထောက်ခံမဲပေးခဲ့ပြီး ရုရှားနှင့် ဆက်ဆံရေး ထဲထဲဝင်ဝင်ရှိနေသော ဆီးရီးယားက ကန့်ကွက်မဲပေးခဲ့သည်။ အီရန်ကလည်း မဲမပေးဘဲ လက်ရှောင်နေခဲ့သည်။

Source: AP

#ရုရှား #ယူကရိန်း #အရှေ့အလယ်ပိုင်း #အီရတ် #cniinternationalnews #CNIMyanmar


ပုံ- ယူကရိန်းထောက်ခံကြောင်း ပြသနေစဉ်(The Guardian)
ပုံ-ယူကရိန်းထောက်ခံကြောင်း ပြသနေစဉ်(Eurosport)