CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၉

ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ နုတ်ထွက်ထားသူများနှင့် အခြားသော အဖွဲ့အစည်းတာဝန်များကို ထမ်းဆောင်နေသည့် ပါတီဝင်များသည် ANP ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ANP မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

မတ်လ ၆ ရက်က ပြုလုပ်ခဲ့သည့် ANP ပါတီ၏ အွန်လိုင်း အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ချက် (၃) ခု ချမှတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဦးသာထွန်းလှက “ဆုံးဖြတ်ချက် (၂) ကျရင် ဤကဲ့သို့ ထွက်သူများနှင့် ပါတီတာဝန်ကို ထမ်းဆောင်နိုင်မှု မရှိတော့ဘဲ တခြား အဖွဲ့အစည်း တာဝန်များကို ထမ်းဆောင်နေကြသည့် ပါတီဝင်များအားလည်း မိမိတို့ ရခိုင်အမျိုးသားပါတီနှင့် တစ်စုံတစ်ရာ သက်ဆိုင်မှု မရှိတော့ပါကြောင်း မှတ်ယူဆုံးဖြတ်သည်ဆိုပြီး ဒါဆုံးဖြတ်ချက် (၂) နဲ့ တစ်ခုချခဲ့တာရှိတယ်။ အဲဒါကတော့ဟာ တချို့ပုဂ္ဂိုလ်တွေက ပါတီတာဝန် ပျက်ကွက်နေတာရှိတယ်၊ ပါတီတာဝန် မဟုတ်ဘဲနဲ့ တခြားတာဝန်တွေ တခြားအဖွဲ့အစည်း တွေမှာ ယူထားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနိုင်တယ်။ အဲဒါကြောင့် အဲလို နုတ်ထွက်တဲ့လူတွေ အဲလို တခြားအဖွဲ့အစည်း တာဝန် ယူထားတဲ့ လူတွေကလည်း ပါတီနဲ့ မသက်ဆိုင်တော့တဲ့အကြောင်း ကျနော်တို့ အဲလို ဆုံးဖြတ်ခဲ့တာ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ANP ပါတီမှ ဦးဦးလှစောသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ နိုင်ငံရေးမှူးအဖြစ် လည်းကောင်း၊ ဒေါ်အေးနုစိန်သည် နစက၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူ ထမ်းဆောင်လျက်ရှိသည်။

ANP ပါတီဝင်များသည် မိမိတို့ ဆန္ဒအလျောက် ပါတီမှ နုတ်ထွက်ခွင့်ရှိသလို မိမိကြိုက်နှစ်သက်ရာ အဖွဲ့အစည်းအတွင်း ဝင်ရောက်နိုင်ကြောင်း ဦးသာထွန်းလှက ပြောသည်။

ဦးဦးလှစောကိုတွေ့ရစဉ်

၎င်းက “ရခိုင်အမျိုးသားပါတီ၏ ပါတီဝင်များသည် လက်ရှိအခြေအနေတွင် မိမိဆန္ဒအလျှောက် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့် ရှိသလို မိမိကြိုက်နှစ်သက်ရာ အဖွဲ့အစည်းအတွင်း အဖွဲ့အစည်း သို့မဟုတ် ပါတီများသို့လည်း ကူးပြောင်းဝင်ရောက်ခွင့်ရှိသည် ဆိုပြီး အဲလို ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်။ အဲဒါကတော့ ပါတီက နုတ်ထွက်မယ်ဆိုရင် ပါတီဝင်တွေကို ပါတီမှာ ရှင်းလင်းစရာ ရှိတာကို ရှင်းလင်းရမယ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သဘောတူညီမှု ရှိရမယ်ဆိုတဲ့ ပါတီဖွဲ့စည်းပုံရဲ့ ပါတဲ့ စည်းမျဉ်းစည်း ကမ်းတွေ ရှိတယ်။ အခုချိန်မှာက အဲလို စည်းမျဉ်းစည်းကမ်းနဲ့ အတင်းအကျပ် လုပ်လို့ရနိုင်တဲ့ အခြေအနေမျိုး မရှိဘူး။ အဲဒါ ကြောင့် အဲလို အခက်အခဲရှိနေတော့ ပါတီက နုတ်ထွက်မယ့် လူတွေကို နုတ်ထွက်ခွင့်ရအောင်လို့ အဲလိုဆုံးဖြတ်ခဲ့တာ ဖြစ် တယ်”ဟု ပြောသည်။

ထို့အတူ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် ပါတီညီလာခံမှ တာဝန်ပေးချက်အရ ထမ်းဆောင်နေကြသည့် ပါတီဝင်များသည် ပါတီနိုင်ငံရေးကို စိတ်ဝင်စားမှု အားနည်း၍လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ မိသားစု စားဝတ်နေရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ပါတီတာဝန်များကို ထမ်းဆောင်လိုခြင်း ရှိ/မရှိ သဘောထားများကို မေးမြန်းထားသည်။

ဒေါ်အေးနုစိန်ကိုတွေ့ရစဉ်

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ကျနော်ကတော့ အစောကြီးကပဲ နုတ်ထွက်ထားပြီပေါ့နော်။ ကျ‌နော်က နုတ်ထွက်ထား တာကိုလည်း သူတို့က တရားဝင် ထွက်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပါတီ Politburo ပေါ့ မူဝါဒရေးရာ ဦး‌ဆောင် ကော်မတီဝင် ဒေါ်အေးနုစိန်နဲ့ ဦးဦးလှစောတို့ နောက်ထပ် ဒေါ်အေးနုစိန်ကတော့ စစ်ကောင်စီမှာ ကော်မတီအဖြစ် ဝင်လုပ်ခဲ့ တယ်ပေါ့‌နော်။ ဦးဦးလှစောကတော့ ULA/AA ရဲ့ ပြည်ထောင်စုနေ့မှာ တာဝန်ပေးချက်အရ သွားတက်တယ်ပေါ့၊ အဲဒီနှစ်ခု အပေါ်မှာ ပါတီအတွင်းမှာ ရှုတ်ထွေးမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်၊ ‌‌ဒေါ်အေးနုစိန်ကတော့ သူက ပါတီရဲ့ ခွင့်ပြုချက်နဲ့ပေါ့ နော်၊ အဲမှာသွားတက်ခဲ့တဲ့ နစကမှာ ပါဝင်တာ ဖြစ်တယ်လို့ ကျနော်ကတော့ယူဆပါတယ်။ ဘာလို့ဆို ပါတီက ကြေညာချက် တွေ ထုတ်ပြီးတော့ ဒေါ်အေးနုစိန်ကို ဒီလို နစက က ရွေးတဲ့အတွက် ဝမ်းသာပါတယ် ကြိုဆိုပါတယ်ဆိုတာတွေ ထုတ်ခဲ့တယ် ဆိုတော့ အဲဒါ ပါတီရဲ့ ကိုယ်စားဖြစ်တယ်လို့ ကျ‌နော်က‌တော့ ယူဆပါတယ်။ ဆရာဦးဦးလှစောကတော့ ဒါက ပါတီရဲ့ ခွင့်ပြု ချက်လား မရှိဘူးထင်ပါတယ်၊ သူတို့ဘက်က အဲကိစ္စနဲ့ ပတ်သက်ပြီးတော့ နည်းနည်းအသံတွေ ထွက်လာတာပေါ့နော်၊ ဒါကြောင့်လည်းပဲ ဒီလိုပါတီနဲ့ ကင်းကွာပြီး‌‌တော့ တစ်ဖက်အဖွဲ့အစည်းမှာ လုပ်နေတဲ့ လူတွေကို သူတို့က ပြတ်ပြတ်သားသား ဖြစ်အောင်ပေါ့‌နော် ပါတီမှာ လုပ်ချင်စိတ် ရှိ/မရှိ အဲလို ‌တောင်းခံတဲ့သဘောလို့ ကျနော်မြင်ပါတယ်ဗျ”ဟု ပြောသည်။

ANP ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် ရခိုင်ပြည်နယ်၌ အများစုအနိုင် ရရှိခဲ့သည့် အင်အားကြီးပါတီဖြစ်သည်။