CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၇

ရက္ခိုင့်တပ်တော်(AA)သည် ကွန်ဖက်ဒရိတ်လို အဆင့်ထက် မနိမ့်သော ဖက်ဒရယ်အဆင့်အတန်းမျိုး မရပါက လွတ်လပ်ရေး အထိ သွားနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

AA အနေဖြင့် ရခိုင်တို့လိုလားသည့် နိုင်ငံရေးအဆင့်အတန်းကို ပြည်ထောင်စုအတွင်း မရရှိပါက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်တွဲကာ တည်ဆောက်သွားမည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၅ ရက်က သတင်း စာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့သည်။

အဆိုပါ ပြောဆိုချက်သည် AA အနေနှင့် ရှေ့ဆက်သွားမည့် နိုင်ငံရေးလမ်းကြောင်းကို ချပြခြင်းဖြစ်ကြောင်း၊ AA သည် ၎င်းတို့ ရည်မှန်းထားသည့် နိုင်ငံရေး အဆင့်အတန်းမရပါက လွတ်လပ်ရေးအထိ သွားနိုင်ကြောင်း သတိပေးသည့် ပြောဆိုမှုဖြစ်သည် ဟု ရခိုင်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

ဦးဖေသန်းက “ဒါကတော့ ULA/AA ရဲ့ ထုတ်ပြန်ချက်က ရှင်းရှင်းလင်းလင်းပဲ ရှိတယ်လို့ မြင်ပါတယ်၊ သူတို့ရဲ့ ခံယူချက်ပေါ့ နော် တနည်းအားဖြင့်တော့ AA ထုတ်ပြန်ချက်ကို ကျနော်တို့ဘက်က ပြောရမယ်ဆိုရင်တော့ ဒါက သူတို့ရဲ့ လမ်းစဉ်ကို သူတို့ ချပြတာ ဖြစ်ပါတယ်၊ သူတို့က အစိုးရဆိုရင်တောင်မှ တရားဝင် အစိုးရနဲ့ပဲ နိုင်ငံရေးအရ ဆွေးနွေးမယ်၊ ဆွေးနွေးတဲ့ အခါမှာ သူတို့လိုချင်တဲ့ အခြေခံမူတွေပေါ့ သူတို့အရင်တုန်းကတော့ ပြောဖူးတာပေါ့၊ ကွန်ဖက်ဒရိတ်လို့ ပြောဖူးတာပေါ့၊ အဲဒီလို အဆင့် မနိမ့်တဲ့ ဖက်ဒရယ်မျိုးကိုပေါ့ သူတို့ဘက်က ဆွေးနွေးမယ်ဆိုတဲ့ သဘောပါ။ အဲဒီလို ဆွေးနွေးလို့ မရဘူးဆိုရင်တော့ သူတို့ရဲ့ လမ်းစဉ်အတိုင်းပေါ့၊ ဆက်လက် ဆောင်ရွက်မယ့်လမ်းကတော့ Liberation ပေါ့၊ လွတ်လပ်ရေးဆိုတဲ့ အတိုင်းအတာမျိုး အဲဒါ ကို ပြောတယ်လို့ပဲ ကျနော်နားလည်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက် ဦးခိုင်သုခက သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်

ရခိုင်ပြည်သူများသည် အတိတ်တွင် တရားဝင် နိုင်ငံရေးပါတီ လမ်းကြောင်းများမှ လိုချင်သည့် နိုင်ငံရေး အဆင့်အတန်း မရရှိခဲ့ ခြင်းကြောင့် ယခု AA ၏ နိုင်ငံရေးဦးဆောင်မှုကို ထောက်ခံအားပေးခြင်း ဖြစ်သည်ဟု မြင်ကြောင်း ၎င်းက ပြောသည်။

AA အနေဖြင့် ရခိုင်ပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဦးခိုင်သုခက မတ်လ ၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

AA သည် နစကနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စများကို အလွတ်သဘော ဆွေးနွေးနိုင်သော်လည်း ပြည်သူရွေးကောက် တင် မြှောက်ထားသည့် အစိုးရမဟုတ်သောကြောင့် နိုင်ငံရေးအရ တရားဝင်မှု အခြေအနေများကို နစကနှင့် ဆွေးနွေးနိုင်ခြေမရှိ ဘူးဟု မြင်ကြောင်း စာရေးဆရာ ကိုဝေဟင်အောင်က သုံးသပ်သည်။

ထို့ပြင် လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဖက်ဒရယ်ပြည်ထောင်စု ကြွေးကြော်မှုတွင်လည်း မည်သည့် ဖက်ဒရယ် မော်ဒယ်ကို သွားရောက်မည်ကို ရှင်းရှင်းလင်းလင်း ချပြထားခြင်း မရှိသည့်အတွက် AA အနေနှင့် ဆွေးနွေး နိုင်ခြင်း မရှိသေးဟုမြင်ကြောင်း ၎င်းက ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မှာ AA တပ်ဖွဲ့ကိုတွေ့ရစဉ်

ကိုဝေဟင်အောင်က “ကျနော်မြင်တာကတော့ NUG က ဘာလဲဆိုရင် သူတို့ကတော့ ဖက်ဒရယ်တော့ သွားမယ်ဆိုပြီးတော့ ကြွေးကြော် ထားတာပေါ့၊ ဒါပေမယ့် ဖက်ဒရယ်မော်ဒယ်ကို မချပြသေးဘူးဗျ ပြည်သူလူထုကို ၊ ဥပမာ သူတို့က ဖက်ဒရယ်ကို ပီပီပြင်ပြင် ချပြတဲ့ အချိန်မှာမှ ကျနော်မြင်တာက ဒီ ဘက်က ULA,AA နဲ့ပေါ့၊ ULA,AA ကတော့ သူတို့ပြောတာ ကျနော်တို့ ကွန်ဖက်ဒရိတ်ကို သွားမယ်၊ NUG ဘက်ကတော့ ဖက်ဒရယ်က ဒီလိုပုံစံရှိတယ်၊ အဲဒီကြားမှာတော့ အပြန်အလှန်ညှိနှိုင်းဖို့ လိုလိမ့်မယ်၊ အခုက NUG က ဘာဖြစ် လဲဆိုရင် သူတို့ ဖက်ဒရယ်ကို သွားမယ်ဆိုတဲ့ဟာ စကားလုံးလောက်ပဲရှိတယ်၊ ဒါပေမယ့် ဘယ်ဖက်ဒရယ် မော်ဒယ်နဲ့ သွား မယ်ဆိုတာ ပီပီပြင်ပြင် ချပြထားတာ ကျနော်တို့တော့ မတွေ့ရသေးဘူး၊ အဲဒါကြောင့် ဒီကြားထဲမှာတော့ သူတို့ တရားဝင် ဆက်သွယ်ဖို့ စကား ပြောတာ မရှိဘူးဆိုတာ ဒါလည်း ဖြစ်သင့်တယ်လို့ မြင်တယ်” ဟု ၎င်းက သုံးသပ်သည်။

လက်ရှိတွင် AA နှင့် တပ်မတော်အကြား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ နှစ်ဘက် အလွတ်သဘော ဆွေးနွေး ကာ တိုက်ပွဲများ ရပ်တန့်ထားခဲ့သည်။ သို့သော် နှစ်ဖက် တရားဝင် အပစ်ရပ်စာချုပ် ချုပ်ဆိုထားခြင်းတော့ မရှိသေးပေ။

လက်ရှိတွင် AA အနေနှင့် ၎င်းတို့ ထိန်းချုပ်နယ်များတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စနစ်များကို အသက်သွင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။