CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၇
မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူမျိုးစုကို အခြေခံသည့် နိုင်ငံရေးပါတီများ ပိုမိုပါဝင်ရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရာတွင် လူမျိုးစုကို အခြေခံသည့် နိုင်ငံရေးပါတီများက ပို၍ အက္ခရာကျသည်ဟု ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “ငြိမ်းချမ်းရေးက တအားလိုအပ်တာဗျ၊ ငြိမ်းချမ်းရေးကို လုပ်တဲ့အခါမှာ ခုနပြောသလိုပေါ့၊ တကယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားပြီးတော့ တကယ် ထဲထဲဝင်ဝင်ပါနိုင်၊ ပါသင့် ပါထိုက်တဲ့ပုဂ္ဂိုလ်တွေ ပါဖို့လိုတယ်ဗျ၊ နိုင်ငံရေးပါတီထဲကလည်း ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ ပါတီတွေ ပါဖို့လိုတယ်၊ တိုင်းရင်းသားပါတီတွေဆို အများကြီး လိုတာ ပေါ့ဗျာ၊ လက်နက်ကိုင်အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်နေတဲ့ လူမျိုးတွေကို အခြေခံတဲ့ တိုင်းရင်းသားပါတီတွေက အဓိကပါဖို့ လိုတယ်ဗျ၊ ပြည်မပါတီဆိုတာက ခုနပြောသလို ဒီနေရာမျိုးမှာ အဓိက အက္ခရာကျချင်မှ ကျမယ်၊ တိုင်းရင်းသားပါတီများက အက္ခရာကျတယ်ဗျ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်လေ၊ အဲဒါကိုတော့ဖြင့် နိုင်ငံရေးပါတီခြမ်းဖက်က သတိထားဖို့ လိုတယ်ဗျ” ဟု ပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများ အစု၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်တို့ မတ်လ ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်(ပုံဟောင်း)
ထိုဆွေးနွေးပွဲတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို မည်သို့ ဖော်ဆောင်နိုင်ရေး၊ ခိုင်မာသည့် ပြည်ထောင်စုတည်ဆောက်ရေး စသည့် အချက် (၃)ချက်ကို ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
ထို့နောက် တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ စသည့် သုံးပွင့်ဆိုင် ဆွေးနွေးနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အသိ အမှတ်ပြုမှု၊ လက်ခံနိုင်မှု ရရှိရန်လည်းလိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်(ပုံဟောင်း)
၎င်းက “နောက်တစ်ခုက တိုင်းရင်းသားပါတီတွေ ဖက်ကဖြစ်ဖြစ် ငြိမ်းချမ်းရေးမှာပါတဲ့ ပုဂ္ဂိုလ်တွေက ဖြစ်ဖြစ်ပေါ့ဗျာ၊ လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များနဲ့ ဘယ်လောက်ထိ ထဲထဲဝင်ဝင် ရင်းနှီးသလဲ၊ ဘယ်လောက်အထိ ခုန ပြောသလိုပေါ့ဗျာ၊ လက်ရှိ အနေအထားပေါ်မှာ သုံးသပ်တင်ပြတာကို ဟိုဖက်က လက်ခံနိုင်မလဲပေါ့ဗျာ၊ တဖက်က ပုဂ္ဂိုလ်တွေ လက်နက်ကိုင် အဖွဲ့အစည်းမှာပါတဲ့ ပုဂ္ဂိုလ်တွေ လေးစားယုံကြည်မှု တနည်းအားဖြင့် သူတို့ရဲ့ အသိအမှတ် ပြုမှုကိုခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမှပဲ ဟိုဖက်ကလည်း လက်ခံမှာပေါ့ဗျာ၊ သာမန်ပုဂ္ဂိုလ်လောက်နဲ့ ဟိုဖက်က လက်ခံမယ် မထင်ဘူးဗျ၊ လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ၊ သူတို့ အလေးအနက်ထားတဲ့ ပုဂ္ဂိုလ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါလာရင် ပိုပြီး အဆင်ပြေ နိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်ခံနိုင်မည့် အကျဉ်းကျခံ ပုဂ္ဂိုလ်များကိုလည်း ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။