CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၅

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပတ်အတွင်း ကောက်ယူထားသည့် စာရင်းများအရ နေရပ်စွန့်ခွာသူ တိုက်ပွဲရှောင် အရေအတွက် ၆၇၄၈ ဦး တိုးလာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က သတင်းထုတ်ပြန်ခဲ့သည်။

တစ်ပတ်အတွင်း နေရပ်စွန့်ခွာသူ အရေအတွက် ၆၇၄၈ ဦး တိုးလာပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၃၈၀၀ ကျော်၊ ကယား ပြည်နယ်တွင် ၁၄၀၀ ကျော်၊ ကရင်ပြည်နယ်တွင် ၅၀၀ ကျော်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၉၀၀ ကျော်တို့ တစ်ပတ်အတွင်း အသီးသီး တိုးလာကြောင်း UNHCR က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် ဖာပွန်မြို့နှင့် လှိုင်းဘွဲ့မြို့တို့တွင် လေကြောင်း ပစ်ခတ်မှုများနှင့်၊ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဦးရေ ထပ် တိုးလာကြောင်း UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကယားပြည်နယ် ဒီမောဆိုးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာသူ အရေအတွက် ထိုဒေသတွင် ဆက်လက် မြင့်တက်နေကြောင်း သိရသည်။

ကယားပြည်နယ် ဒီမောဆိုးနှင့် မိုးဗြဲမြို့နယ်နှစ်ခုကြားတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲရှောင် အရေအတွက် ပိုတိုးလာနေပြီး ရွာလုံးကျွတ် ပြောင်းရွှေ့နေရကြောင်း၊ UNHCR ထုတ်ပြန်ထားသည်ထက် ပိုမိုဆိုးရွားသည့် အခြေအနေရှိကြောင်း ကယား ပြည်နယ် မိုးဗြဲမြို့နယ် ပရဟိတအသင်းမှ တိုက်ပွဲရှောင်များ ကူညီပေးနေသူ ကိုဝဏ္ဏ(အမည်လွှဲ)က ပြောသည်။

တိုက်ပွဲရှောင်များကို UNHCR က ထောက်ပံ့ပေးနေစဉ်(UNHCR)

၎င်းက “ပိတ်မိနေတယ်ပေါ့နော်၊ လမ်းကြော အခြေအနေအရ ပိတ်မိနေတဲ့ အတွက်ကြောင့် ရှိတဲ့တောတောင်တွေမှာ သွားခို လှုံနေတဲ့ စစ်ဘေးရှောင်တွေက ပိုများလာတာပေါ့။ တိုးလာတာကတော့ ရွာလုံးကျွတ်နီးပါးဆိုတော့ လူဦးရေ သောင်းနဲ့ချီတော့ ရှိမယ်ထင်တယ်၊ ဥပမာ မိုးဗြဲအကျော် ဖလိုင်ရွာဆိုလည်း နည်းတာ မဟုတ်ဘူးပေါ့၊ လူဦးရေတိုးလာတဲ့ စစ်ရှောင်တွေ၊ တချို့ ဆိုရင် စစ်ဘေးရှောင်ဆိုရင် သုံးနေရာထိ ရှောင်နေရတဲ့ သူတွေတောင် ရှိတာပေါ့နော်၊ ဒီရွာမှာ ဖြစ်တယ်ဆိုရင် နောက်ထပ် တစ်ရွာကို ထပ်ရွှေ့တယ်၊ နောက်ထပ် တစ်ရွာထပ်ဖြစ်တော့ နောက်တစ်ရွာကို ထပ်ရွှေ့တယ်ပေါ့နော်၊ အဲဒီလို ရွှေ့ရွှေ့ရင်းနဲ့ စစ်ဘေးရှောင်တွေ တော်တော်များလာပေါ့၊ အဓိကကတော့ ရေရယ် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်” ဟု ပြော သည်။

ကယားပြည်နယ် တစ်ခုလုံးတွင် ၂၀၂၁ ခုနှစ်မှ ယခုနှစ်(၂၀၂၂ ခုနှစ်) ဖေဖော်ဝါရီလကုန်ထိ နေရပ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း အရေအတွက် ၉၂၀၀၀ ကျော်အထိ ရှိလာကြောင်း UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကယားပြည်နယ် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီမောဆိုး၊ လွိုင်ကော် အစရှိသည့် မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲရှောင် အရေအတွက် ဆက်လက် မြင့်တက်လာနိုင်သည့် အခြေအနေရှိကြောင်းလည်း UNHCR က ခန့်မှန်းထားသည်။

UNHCR ၏ ဖေဖော်ဝါရီလကုန်အထိ ကောက်ယူထားသည့် စာရင်းများအရ မြန်မာတစ်နိုင်ငံလုံး နေရပ်စွန့်ခွာသူ အရေ အတွက် ၂၃၀၀၀၀ ကျော်ရှိကြောင်း သိရသည်။