CNI International News
ပြုံယမ်း၊ မတ်လ ၅
တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် မြောက်ကိုရီးယားက တစ်နှစ်အတွင်း ၎င်း၏ ၉ ကြိမ်မြောက် ပဲ့ထိန်းဒုံးကျည်ကို မတ်လ ၅ ရက်၌ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ပြင်ထဲသို့ စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
လာမည့်လများအတွင်း အကြီးစားလက်နက်များ မြောက်ကိုရီးယား စမ်းသပ်လာမည်ကို စိုးရိမ်နေကြသော အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်အစိုးရများက ယခုပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခြင်းအပေါ် ရှုတ်ချအပြစ်တင်ခဲ့ကြသည်။
နျူကလီးယားအရေး ဆွေးနွေးပွဲများ ရပ်တန့်သွားပြီးနောက် ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလတွင် မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများကို စံချိန်တင် အရေအတွက်အထိ တိုးမြှင့်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ၌ ခေတ္တရပ်နားခဲ့ သော်လည်း လကုန်ပိုင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် အလားတူ စမ်းသပ်မှုများ ပြန်လည်စတင်ခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် မကြာမီကာလအတွင်း ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ရန် ပြင်ဆင်နေပုံရပြီး နျူကလီး ယား (သို့မဟုတ်) တိုက်ချင်းပစ်ဒုံးကျည် (ICBMs) ကိုလည်း ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် စမ်းသပ်လာ မည်ဟု ခန့်မှန်းရသည်။
“မြောက်ကိုရီးယားက သူ့ရဲ့ ဒုံးကျည်ပစ်လွှတ်မှု နည်းပညာကို သိသိသာသာ အရှိန်မြှင့်နေတဲ့အတွက် ကျနော်တို့နိုင်ငံနဲ့ အိမ်နီးချင်း ဒေသတွေက လျစ်လျူရှုထားလို့ မရပါဘူး” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီက ယခုနောက်ဆုံး ပစ်လွှတ် စမ်းသပ်မှုအပြီးတွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ(GETTY IMAGES)
မတ်လ ၉ ရက် သမ္မတရွေးကောက်ပွဲမတိုင်ခင် မဲပေးနေကြပြီဖြစ်သည့် တောင်ကိုရီးယားနိုင်ငံတွင် အမျိုးသားလုံခြုံရေး ကောင်စီ(NSC)က “မြောက်ကိုရီးယား၏ ထူးခြားသော ပဲ့ထိန်းဒုံးကျည်များ အကြိမ်ကြိမ် ပစ်လွှတ်နေခြင်း” အပေါ် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ခြိမ်းခြောက်ခြင်းအဖြစ် ရှုတ်ချခဲ့သည်။
ယွန်ဗြောင်းနှင့် ပေါင်ဂျီရီဒေသတို့တွင် နျူကလီးယားလက်နက် စမ်းသပ်သည့်အရေးတို့ အပါအဝင် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် အဏုမြူဆိုင်ရာ အဆောက်အအုံများ အခြေအနေကို ပိုမိုအနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း NSC က ဆက်လက်ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားသမ္မတအိမ်တော်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား အခြေအနေကို အကဲခတ် စောင့်ကြည့်နေသော အမေရိကန်အခြေစိုက် 38 Norht စီမံကိန်းအဖွဲ့က “ပြုံယမ်းသည် ယွန်ဗြောင်းဒေသတွင် နျူကလီးယား လက်နက်ထုတ်လုပ်ရေး အပြည့်အဝ လုပ်ဆောင်နေကြောင်း၊ ဖြစ်နိုင် ခြေရှိသည့် နျူကလီးယား လက်နက်များအတွက် လောင်စာများနှင့် စက်ရုံများ တိုးချဲ့နေကြောင်း” ပြောကြားခဲ့သည်။
ပေါင်ဂျီရီဒေသရှိ စက်ရုံကိုတော့ ၂၀၁၈ ခုနှစ်တွင် နျူလက်နက်စမ်းသပ်မှု ဆိုင်းငံ့မည်ဟု မြောက်ကိုရီးယား ကြေညာပြီး ကတည်းက ပိတ်ထားသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ယခုအတွင်း အဆိုပါဒေသအနီးတွင် အသေးစားငလျင်များ ဆက်တိုက် လှုပ်ခတ်ခဲ့ရာ တောင်ကိုရီးယားပညာရှင်များက ၂၀၁၇ ခုနှစ်တုန်းက နောက်ဆုံးနှင့်အကြီးဆုံး နျူကလီးယား စမ်းသပ်မှု ကြောင့် ဘူမိဗေဒပိုင်းဆိုင်ရာ သက်ရောက်မှုဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။
Source: Reuters