CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၅

မန်စီးတီး နောက်ခံလူ ဇင်ချန်ကိုက ယူကရိန်းနိုင်ငံသားတွေဟာ ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ဘူးလို့ ပြောလိုက် ပါတယ်။ ဒါပေမယ့် ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တာကိုတော့ ထိတ်လန့်နေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဇင်ချန်ကိုဟာ နိုင်ငံရပ်ခြားမှာ ကစားနေတဲ့ ယူကရိန်းကစားသမားတွေ အများအပြားထဲက တစ်ဦးအပါအဝင် ဖြစ်ပြီး သူ့နိုင်ငံ ဒုက္ခရောက်နေတာကို ကြည့်ရှုရတာဟာ ခက်ခဲတယ်လို့ ပြောပါတယ်။

ဇင်ချန်ကိုဟာဆိုရင် ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တဲ့ အချိန်ကတည်းက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ပြင်းပြင်း ထန်ထန် တုံ့ပြန်ခဲ့သူ ဖြစ်ပါတယ်။

ဇင်ချန်ကိုက “ဗြိတိန်အချိန် သန်းခေါင်ယံမှာ ကျနော့်ဇနီးက နိုးလာပြီး ငိုနေပါတယ်။ ကျနော် ထိတ်လန့်သွား ခဲ့ပါတယ်။ သူမက ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ ဗွီဒီယိုတွေ၊ ဓါတ်ပုံတွေကို ပြခဲ့ပါတယ်။ ဒီခံစားချက်က အလွန်ကို ဆိုးရွားပါတယ်။ ကျနော်လည်း ငိုနေခဲ့ပါတယ်။ ငိုနေတာ တစ်ပတ်လောက်ရှိပါပြီ မရေတွက်နိုင်တော့ပါဘူး။ လေ့ကျင့်ရေး ကွင်းကနေ ကားမောင်း ပြန်ရင်းနဲ့လည်း ငိုမိတယ်။ ဘာမှမဟုတ်ပဲနဲ့လည်း ငိုနေမိပါတယ်။ ကျနော့်ခေါင်းထဲမှာ ဒီအရာတွေပဲရှိ ပါတယ်။ ကျနော် မွေးဖွားခဲ့ပြီး ကြီးပြင်းခဲ့တဲ့ အရပ်မှာ ဘာမှမရှိတော့ပါဘူး”လို့ ပြောပါတယ်။

ဇင်ချန်ကိုအား တွေ့ရစဉ်(ABP LIVE)

ယူကရိန်း ဘောလုံးသမားတွေနဲ့ နည်းပြ အများအပြားဟာ နိုင်ငံအတွက် သေနတ်ကိုင်ဆောင်ပြီး တိုက်ပွဲဝင်နေခဲ့ကြတာပါ။ ယူကရိန်း ကစားသမား(၂)ဦးဖြစ်တဲ့ ဆာပိုင်လိုနဲ့ ဒီမိုင်ထရိုတို့ကတော့ ဒီတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ပထမဆုံး ဘောလုံးသမားတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါ့အပြင် ရှက်တာဒိုးနတ်အသင်းရဲ့ လူငယ်နည်းပြ တစ်ဦးလည်း သေဆုံးသွားခဲ့ပါတယ်။

ဇင်ချန်ကိုက “ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော့်ရဲ့ သမီးနဲ့ မိသားစုတွေသာ မရှိခဲ့ရင် ကျနော်လည်း တိုက်ပွဲဝင်တဲ့ နေရာမှာ ရှိနေမှာပါ။ ကျနော်က ဒီလိုမျိုး မွေးဖွားလာခဲ့တာပါ။ ကျနော့်တိုင်းပြည်က လူတွေရဲ့ စိတ်နေစိတ်ထားကို သိပါတယ်။ အားလုံးက အတူတူပဲလို့လည်း ကျနော်ထင်ပါတယ်။ ယူကရိန်းနိုင်ငံသား ဖြစ်ရတာ အလွန်ဂုဏ်ယူပါတယ်။ ကျနော့်တိုင်းပြည် မှာရှိတဲ့ လူတွေရဲ့ စိတ်ဓါတ်ကို သိပါတယ်။ သူတို့ဟာ အသေသာ ခံသွားမှာဖြစ်ပြီး ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါသေးတယ်။

Source: Goal