CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၅

၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ စတင်ပြီး ခရီးသွားလာရာတွင်လည်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်းကောင်း နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ယနေ့( မတ်လ ၅ ရက်)ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရ သည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)အား ဧပြီ ၁ ရက်နေ့ ၆ နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဟု ဖော်ပြထားသည်။

နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက "နေ့စဉ် ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများအားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။ နိုင်ငံသားကတ်(မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှု မြောက်ပါကြောင်း အသိပေးအပ်ပါသည်"ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ရန်ကုန်တွင် နေထိုင်၍ အလုပ်လပ်ကိုင်နေသူ လူငယ်တစ်ဦးကတော့ မိမိတွင် မှတ်ပုံတင် ခါးပတ်နှိုင်ခံရသည့်အထဲ ပါဝင်သွားခြင်းကြောင့် ပြန်လည် မလုပ်ဆောင်ရသေးကြောင်း၊ မှတ်ပုံတင် လုပ်ဆောင်ရန် နယ်ကို ပြန်ရမည် ဖြစ်ပြီး အလုပ်က ခွင့်ရက်ရှည်မရသည့်အတွက် ပြန်၍ မလုပ်ဆောင်ရသေးကြောင်း၊ ထိုအခြေအနေမျိုးတွင် အရေးယူခံရနိုင်ပါသလား ရှင်းရှင်းလင်းလင်းမသိရကြောင်း သူ၏ အခက်အခဲကို ပြောပြသည်။

နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ နိုင်ငံသားကတ်(မှတ်ပုံတင်) ပျောက်နေပြီး ပြန်လည်လျှောက်ထားခြင်း မလုပ်ရသေးသူများ ခရီးသွားသည့်အခါ မည်သို့ အသိအမှတ်ပြု စာရွက်စာတမ်း (သို့မဟုတ်) အမှတ်အသားကတ် ကိုင်ဆောင်၍ သွားလာနိုင်ကြောင်းကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။