CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU) အဖွဲ့ဝင်အဖြစ် ပါဝင်မှုကနေ မိမိတို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အနေဖြင့် ယာယီရပ်ဆိုင်းကြောင်း RCSS က ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်)ထုတ်ပြန်ခဲ့သည်။

ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားသည့် တိုက်ပွဲများကို CSSU မှ ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးစိုင်းခမ်းစံ “CSSU ထဲမှာ ဆုံရပ်တစ်ခုဆိုပေမယ့် တိုင်းရင်းသား လက်နက်ကိုင်ကြားမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ ၂၀၁၈ နောက်ပိုင်းတွေမှာ ဘာမှ မဖြေရှင်းနိုင်ခဲ့ဘူး၊ တဖြည်းဖြည်းနဲ့ လျော့ကျသွားတာပေါ့၊ ဖြေရှင်းနိုင်တဲ့ အလားအလာ လျော့ကျ သွားတယ်၊ နောက်တစ်ခုကတော့ CSSU ထဲမှာ အတွင်းရေးမှူးအဖွဲ့ဆိုတာရှိတယ်၊ တစ်ဖွဲ့တစ်ဖွဲ့ကို လူ ၂ ဦး ထည့်ထားတာ ပေါ့နော်၊ ပါဝင်ထားတာပေါ့။ အဲဒါလည်း ကိုယ့်အဖွဲ့ကို ကိုယ်စားပြုတာလားဆိုတာ သေသေချာချာ အဲဒီလိုမျိုးကျတော့ မဟုတ်ပြန်ဘူး၊ ဒါဆိုရင် အတွင်းရေးမှူးအဖွဲ့ရဲ့ ကိုယ်စားပြုမှုကလည်း နည်းနည်း မေးခွန်းထုတ်စရာ ဖြစ်တာပေါ့”ဟု ပြော သည်။

CSSU အဖွဲ့ဝင်များကိုတွေ့ရစဉ်

ပြီးခဲ့သည့် လအတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် RCSS တို့အကြား တိုက်ပွဲများ ရှမ်းပြည်နယ်၊ ကျောက်မဲ၊ မိုင်းကိုင်၊ သီပေါ စသည့် မြို့နယ်များတွင် ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ RCSS လှုပ်ရှားမှုများကို SSPP က တိုက် ခိုက်ခဲ့ခြင်းကြောင့် ရှမ်းပြည်နတောင်ပိုင်းသို့ ပြန်ဆုတ်နေရကြောင်း သိရသည်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)သည် အမျိုးသားရေး၊ နိုင်ငံရေး ပြဿနာများနှင့် ရောနှောသွားပြီး ရှမ်းပြည် ညီညွတ် ရေးကို တည်ဆောက်နိုင်ခဲ့ခြင်း မရှိခဲ့သည့် အချက်များကြောင့်လည်း ယင်းသို့ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။

၎င်းက “အဲဒါက နိုင်ငံရေးနဲ့ အမျိုးသားရေးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုရယ်၊ နောက်တစ်ခုက ပါတီ ၂ ခုဖြစ်တဲ့ ပြဿနာ အချင်းချင်း မညီညွတ်နိုင်တဲ့ အနေအထားတွေရယ်၊ နောက် တိုင်းရင်းသား လက်နက်ကိုင်တွေကြား ကိစ္စပေါ့၊ ဖြစ်စဉ်တွေ ဖြစ် လာတာပေါ့နော်၊ နောက်ဆုံးကျတော့ ကိုယ်စားပြုမှုပေါ့၊ အတွင်းရေးမှူး အဖွဲ့တွေထဲမှာ ကိုယ်စားပြုမှုက မခိုင်မာဘူးပေါ့နော်၊ အဖွဲ့ကိုယ်စား ၂ ဦး ထည့်ဝင်တယ်ဆိုပေမယ့် ပါဝင်တယ်ဆိုပေမယ့် တကယ်တမ်း ကိုယ်စားပြုမှုကျတော့ ပြန်မေးရအုံးမယ်၊ နောက်ပိုင်းမှာ ပြန်မေးရအုံးမယ်၊ ပါတီသဘောထား အဖွဲ့အစည်းသဘောထား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သဘောထား မပါဘူး၊ အဲဒီလိုမျိုးတွေပေါ့နော်”ဟု ပြောသည်။

CSSU အဖွဲ့ဝင်များကိုတွေ့ရစဉ်

CSSU တွင် အလှည့်ကျ ခေါင်းဆောင်မှု ကျင့်သုံးခြင်းဖြစ်၍ နိုင်ငံရေးအရ အကျိုးအမြတ် ရယူနိုင်သည့် အခွင့်အလမ်းများ ရှိနေခြင်းကြောင့် ထိရောက်မှုမရှိခြင်း၊ ရှမ်းပါတီ ၂ ခုအကြား ညှိနှိုင်းဆောင်ရွက်မှု မလုပ်နိုင်ခဲ့ခြင်း၊ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲများကို မဖြေရှင်းနိုင်ခြင်း၊ ရှမ်းပြည်အတွက် ရှင်းလင်းတိကျသည့် နိုင်ငံရေးမူဝါဒ မချမှတ်နိုင်ခြင်း၊ ကော်မတီအတွင်း ပါဝင်သူများ၏ ကိုယ်စားပြုမှုသည် အဖွဲ့ဝင်ဖြစ်မှုအပေါ် အခြေမခံခြင်း စသည့် အားနည်းချက်များရှိကြောင်း RCSS က ထုတ် ပြန်ခဲ့သည်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)၊စိန်ကျော့ပြည်သူ့စစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ(SNDP)၊ ရှမ်းအရက်ဖက် အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်းအသီးသီးဖြင့် ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။