CNI International News

တိုင်ပေ၊ ဖေဖော်ဝါရီ ၂၆

ယူကရိန်းအပေါ် ရုရှားတိုက်ခိုက်ခြင်းသည် ထိုင်ဝမ်အတွက် အင်အားကြီး အိမ်နီးချင်း၏ ကျူးကျော်မှု ကြုံနိုင်ကြောင်း အခြား တဖက်မှ မီးမောင်းထိုးပြလိုက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို တရုတ်ခြိမ်းခြောက် မှု ရှိနေခြင်းနှင့် အလျင်စလို နှိုင်းယှဉ်နေကြကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုင်ဝမ်သည် သူ့ထက် အင်အား အဆများစွာ သာလွန်သော တရုတ်အစိုးရကို အံတုနေသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်သော်လည်း ကွဲပြားခြားနားမှု များစွာရှိနေသည်။ ထိုင်ဝမ်ကျွန်းနေ ပြည်သူများကတော့ ယခုလတ်တလော ယူကရိန်းစစ်ပွဲ အခင်းအကျင်း နှင့် မိမိတို့ ကျွန်းအခြေအနေမှာ မနီးစပ်ဘဲ ဝေးကွာသလို ခံစားနေရသည်ဟု အေပီသတင်းအရ သိရသည်။

တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) အကွာတွင် တည်ရှိပြီး လူဦးရေ ၂၃ သန်း နေထိုင်သည့် ထိုင်ဝမ်သည် ကိုယ်ပိုင်အုပ်ချုပ်နေခြင်းဖြစ်သော်လည်း တရုတ်က ၎င်း၏ အစိတ်အပိုင်းအဖြစ် တောင်းဆိုနေသည်။

သမ္မတ ဆိုင်အင်ဝမ် တက်လာပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်အောင် ထိုင်ဝမ်ပြဿနာ ပိုတင်းမာလာခဲ့ပြီး တရုတ် က ကျွန်းပေါ်သို့ စစ်ရေးဖိအား တိုးမြှင့်လာခဲ့သည်။ ထိုင်ဝမ် ဝေဟင်နှင့်ရေပြင် ပိုင်နက်များထဲသို့ တရုတ်က တိုက်လေယာဉ် များ၊ သင်္ဘောများ အကြိမ်ကြိမ် စေလွှတ်၍ အင်အားပြနေခဲ့သည်။

စစ်ပွဲမလိုလားတဲ့ ယူကရိန်းပြည်သူများကိုတွေ့ရစဉ်(AP)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အရှေ့ပိုင်းစစ်ဌာနချုပ်သည် အရှေ့တရုတ်ပင်လယ်ရှိ အတိအကျ မဖော်ပြနိုင် သော နေရာတစ်ခုတွင် ကမ်းတက်စစ်ရေးလေ့ကျင့်မှု မကြာသေးမီမှာ ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က ကြေညာခဲ့ သည်။

ယူကရိန်းကို စစ်ကူပေးရန် အမေရိကန်တပ်များ ယနေ့အထိ မတွေ့ရသေးသဖြင့် ထိုင်ဝမ်အတွက် အရေးတကြီး ထွက်ပေါ်လာ သော မေးခွန်းမှာ တိုင်ပေကို တရုတ်ကျူးကျော်လာလျှင်လည်း အမေရိကန် ပါဝင်ပတ်သက်မှာ လားဆိုသည့် မေးခွန်းဖြစ် သည်။

အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန် အဆက်အသွယ် မရှိသော်လည်း သမိုင်းဝင် ဆက်ဆံရေးတော့ ရှိသည်။ ထိုင်ဝမ်ကို ဒေါ်လာဘီလီယံနှင့်ချီသည့် လက်နက်များကို ဝါရှင်တန်က တင်ပို့ရောင်းချပေးခဲ့သည်။ လက်နက်အင်အား ဖြည့် တင်းခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် ထိုင်ဝမ်သည် ၎င်း၏ကိုယ်ပိုင်ဥပဒေဖြင့် အကန့်အသတ်ထားပြီး လုပ်ဆောင်သည်။

ထိုင်ဝမ်သည် ကမ္ဘာပေါ်တွင် စမတ်ဖုန်းများမှ မော်တော်ယာဉ် ထုတ်လုပ်ရေးအထိ အရေးပါသော တပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) များ တီထွင်ရောင်းချပေးသည့် အရေးပါသော ကစားသမားတစ်ဦး ဖြစ်နေသည်။

ထိုင်ဝမ်စီးပွားရေးနှင့်နည်းပညာသည် အမေရိကန်အတွက် အရေးပါသဖြင့် ပို၍ တန်ဖိုးထားရလိမ့်မည် ဖြစ်သည်။
လတ်တလော ကမ္ဘာ့အခင်းအကျင်းတွင် ထိုင်ဝမ်သည် ရုရှားအပေါ် ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ၌ ပူးပေါင်းပါဝင် မည်ဟု ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြေညာခဲ့လင့်ကစား အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောကြားခြင်းမရှိပေ။

တရုတ်နဲ့ ထိုင်ဝမ်ခေါင်းဆောင်တို့ကိုတွေ့ရစဉ်(AP)

“အင်အားကြီးနိုင်ငံတွေက အိမ်နီးချင်းတွေကို အနိုင်ကျင့်နေတုန်းမှာ ကျနော်တို့လည်း ဘေးမှာ ထိုင်ကြည့်နေလို့ မဖြစ်တော့ ဘူး” ဟု ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီမှ အမတ်တစ်ဦးဖြစ်သူ ဝမ်တိုင်ယူက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်နှင့် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အပြီး ကင်းကွာသွားခဲ့သည်။ ထို့ပြင် ဘေဂျင်းကို တရားဝင် အသိအမှတ် ပြုရေးအတွက် အမေရိကန်သည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို ၁၉၇၉ ခုနှစ်တွင် ဖြတ်တောက်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရှီကျင့်ဖျင်နှင့် မတူဘဲ အိမ်နီးချင်း ဂျော်ဂျီယာကဲ့သို့ နိုင်ငံများကို ယခင်ကလည်း အင်အား သုံးခဲ့ဖူးကြောင်း တမ်ကန်တက္ကသိုလ် ပါမောက္ခဝမ်က သုံးသပ်ပြခဲ့သည်။

“ရှီကျင့်ဖျင် လက်ထက်မှာ အင်အားကောင်းပါတယ်။ ဒါပေမယ့် သူက စစ်ပွဲစတာထက် စစ်ရေးလှုပ်ရှားမှုကိုပဲ ဦးစားပေးတဲ့ လူ” ဟု ၎င်းက သုံးသပ်ခဲ့သည်။

တရုတ်ကွန်မြူပါတီပိုင် Global Times သတင်းစာကတော့ ထိုင်ဝမ်ကို ယူကရိန်းအရှေ့ဘက် ဒွန်နက်ဆက်ဒေသနှင့် နှိုင်းယှဉ် ရေးသားခဲ့ကြောင်း တွေ့ရသည်။ ဒွန်နက်ဆက်သည် ၂၀၁၄ ခုနှစ်ကတည်း ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခများ အပြင်းထန်ဆုံး ဖြစ်ပွားနေခဲ့သော ဒေသဖြစ်သည်။ ယခုအခါ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပူတင်၏လုပ်ရပ်ကို ချီးကျူး နေခဲ့ပြီး မကြာမီ ထိုင်ဝမ်တွင် တိုက်ခိုက်မှုများ ရှိလာမည်ဟု အင်တာဗျူးတစ်ခုတွင် ဟောကိန်းထုတ်ခဲ့သည်။

Source: AP