CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းများကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ညီလာခံကျင်းပရန် မသေချာသေးကြောင်း ABSDF ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

လာမည့် မတ်လအတွင်း ညီလာခံ ကျင်းပနိုင်ရေး နည်းလမ်းရှာဖွေနေကြောင်း၊ ညီလာခံ မကျင်းပနိုင်သော်လည်း မိမိတို့ အဖွဲ့အစည်းကို မည်သို့ဆက်လက် လုပ်ဆောင်ရမည်ကို ကြိုးပမ်းနေကြောင်း ၎င်းက ပြောသည်။

ရဲဘော်ဆန်နီက “မသိသေးပါဘူး ကျနော်တို့လည်း ဒီနေ့ ဒီအခြေအနေမှာ‌တော့ ညီလာခံလုပ်နိုင်မယ် မလုပ်နိုင်ဘူးဆိုတာ ကျ‌နော်တို့ထဲမှာတော့ အသေအချာ မပြောနိုင်သေးပါဘူး။ ဒီနေ့ရှိနေတဲ့ နိုင်ငံရေး အခြေအနေ၊ လက်ရှိ ကျနော်တို့ ရောဂါ အခြေအနေပေါ့နော်၊ အဲဒီအနေအထားတွေပေါ်မှာ ကျ‌နော်တို့ နည်းလမ်းတော့ ရှာနေပါတယ်လို့ ညီလာခံကျင်းပဖြစ်မလား၊ ဒါမှမဟုတ် ညီလာခံမကျင်းပဘဲနဲ့ ဘယ်နည်းနဲ့ ကျနော်တို့ အဖွဲ့အစည်းကို ဆက်လက် သယ်ဆောင်သွားမလဲဆိုတဲ့ နည်းလမ်း ကိုတော့ ကျ‌‌နော်တို့ နည်းလမ်းရှာဖို့တော့ ကျ‌နော်တို့ လုပ်နေကြပါတယ်။ ကြိုးပမ်းနေကြပါတယ်” ဟု ပြောသည်။

ညီလာခံ ခေါ်ယူရန် လာမည့် မတ်လတွင် ပြည့်မည်ဖြစ်သော်လည်း ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ညီလာခံ သက်တမ်းကို (၂)ကြိမ် ရွေ့ဆိုင်းနိုင်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် လပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာဒေသတွင် တပ်မတော်နှင့် ABSDF၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိပြည်တွင်း ပဋိပက္ခမှာ အတော်လေး ဆိုးဝါးနေကြောင်း၊ အကြမ်းဖက်မှုများ ရပ်တန့်ပြီး ဖမ်းဆီးထားသည့် ခေါင်းဆောင် များ၊ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ရဲဘော်ဆန်နီက ပြောသည်။

၎င်းက “ကျနော်ကတော့ ဒီနေ့ ဖြစ်နေတဲ့ အခြေအနေကတော့ ကျ‌နော်တို့ ရပ်တည်ချက်ကတော့ ပြောရရင်ကတော့ ဒီနေ့ အကြမ်းဖက်မှုတွေ အကုန်လုံးရပ်တန့်ဖို့ လိုတယ်၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့လိုတယ်၊ ပြီးလို့ရှိရင်တော့ ကျ‌နော်တို့ အားလုံးပါဝင်တဲ့ ဒီနေ့ လက်ရှိ နိုင်ငံရေးပြဿနာကို ဖြေရှင်း နိုင်တဲ့ နည်းလမ်းကို အားလုံး ဝိုင်းဝန်း ကြိုးပမ်းဖြေရှင်းကြဖို့ လိုသလို၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင် ရေး အတွက်ကိုလည်း အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုပါတယ်လို့ ကျနော် နံပတ် (၁) အနေနဲ့ ပြောချင်ပါတယ်။ အဲလိုဟာ မျိုး ရှိနိုင်ဖို့ဆိုတာလည်း ဒီနေ့ရှိနေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေ၊ ဒီနေ့ရှိနေတဲ့ ပဋိပက္ခတွေ အားလုံးက နည်းလမ်းရှာပြီး တော့မှ တည်ငြိမ်အောင် ဆောင်ရွက်နိုင်တဲ့ အနေအထားကိုလည်း အားလုံး နိုင်ငံရေး ဆန္ဒရှိရှိနဲ့ ပါဝင်ပြီးတော့မှ ဖြေရှင်း ကြဖို့ လည်း ကျနော်တို့ အနေနဲ့တော့ အဲလိုတင်ပြချင်ပါတယ်” ဟု ပြောသည်။

ABSDF ကို ၈၈၈၈ အရေးတော်ပုံကနေတဆင့် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှာ ဖွဲ့စည်း တည်ထောင်ခဲ့သည်။
လက်ရှိတွင် ABSDF သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် ကျောင်းသားတပ်ဖြစ်သည်။