CNI International News

ဒိုဟာ၊ ဖေဖော်ဝါရီ ၁၇

အာဖဂန်နိုင်ငံတွင် ဆိုးရွားလှသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ကိုင်တွယ်ဖြေရှင်းရန် ငွေကြေး ရရှိရေး ကြိုးပမ်းနေချိန်၌ ဥရောပသမဂ္ဂ (EU)၊ အမေရိကန်တို့မှ ကိုယ်စားလှယ်များနှင့် တာလီဘန်တို့ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် တွေ့ဆုံခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားဝက်ဆိုက်တွင် သတင်းဖော်ပြထားသည်။

ယာယီနိုင်ငံခြားရေးဝန်ကြီး အေမာခန်းမူတာကီ ဦးဆောင်သော အာဖဂန်မှ တာလီဘန် ကိုယ်စားလှယ်အဖွဲ့သည် ဒိုဟာမြို့ တွင် ဥရောပ ၁၆ နိုင်ငံမှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးမှု ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ဆက်လက် ပြုလုပ်ခဲ့ သည်။

“အာဖဂန်ပြည်သူတွေရဲ့ ကျန်းမာရေး ကဏ္ဍအားလုံးအတွက် တတ်နိုင်သမျှ ကြိုးစားသွားဖို့ ကတိပြုထားပါတယ်” ဟု တာလီလန်တို့ ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး နယ်ပယ်အတွက် ထိ‌ရောက်သော ခြေလှမ်းများ လှမ်းနိုင်ရန် တာလီဘန်တို့ဘက်မှ အသင့်ဖြစ်နေပြီဟု ဆက်လက် ပြောကြားခဲ့သည်။

သို့သော် တာလီဘန်တို့၏ ကြေညာချက်ထဲတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လုပ်ဆောင်ပေးရမည့် ခြေလှမ်းများနှင့် ပတ်သက်၍ တိကျရေရာသော အသေးစိတ် အချက်အလက်များ ဖော်ပြထားခြင်း မရှိပေ။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အာဖဂန်နစ္စတန်ဆိုင်ရာ EU အထူးကိုယ်စားလှယ် သောမတ်စ်နစ်ကလက်ဆန်က “ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကနေတဆင့် အကူအညီ ယူရို သန်း ၅၀၀ (ဒေါ်လာ ၅၆၉ သန်း) ပေးအပ်ဖို့ ကတိပြုပါတယ်” ဟု ပြောကြားခဲ့သည်။

တာလီဘန်ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်(AP)

ယခုအချိန်အထိ တာလီဘန်တို့၏ အစိုးရအဖွဲ့ကို မည်သည့်နိုင်ငံကမှ အသိအမှတ် မပြုသေးဘဲ ၎င်းတို့ထိပ်တန်းအစိုးရ အရာရှိ များအား အနောက်အုပ်စုနှင့် ကုလသမဂ္ဂတို့ ပိတ်ဆို့ အရေးယူမှုအောက်တွင် ထားရှိနေဆဲဖြစ်သည်။

ဘဏ်လုပ်ငန်း အကျပ်အတည်း ဖြစ်စေခြင်းနှင့်အတူ နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများကလည်း အာဖဂန်ထံသို့ အကူ အညီများ ဖြတ်တောက်ထားသည်။

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော်တွင် အနောက်အုပ်စု သံတမန်များနှင့် တာလီဘန်တို့ တွေ့ဆုံမှု သီတင်းပတ်များစွာ ကြာမြင့် ပြီးနောက် ပေါ်ပေါက်လာသော ယခုဆွေးနွေးပွဲ၌ လူ့အခွင့်အရေးကိစ္စနှင့် လူသားချင်းစာနာမှု အကူအညီများ လိုအပ်ချက်ကို ဆွေးနွေးခဲ့ကြသည်။

တာလီဘန်တို့က “လာမည့် မတ်လထက် နောက်မကျဘဲ နိုင်ငံတဝန်း ယောက်ျားလေးနှင့် မိန်းကလေးများအတွက် မူလတန်း၊ အလယ်တန်းကျောင်းများ ဖွင့်လှစ်ရန် ကတိပြုထားကြောင်း” တွစ်တာပို့စ်မှနေ၍ သတင်းထုတ်ပြန်ခဲ့သည်။

တာလီဘန်ဦးဆောင်သော အစိုးရသည် လူဦးရေ၏ ၉၇ ရာခိုင်နှုန်း ဆင်းရဲမွဲတေမှုမျဉ်းအောက် ကျဆင်းသွားနိုင်သည့် အန္တရာယ်နှင့် ဆိုးရွားလာနေသော လူသားချင်းစာနာမှု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်း နေရသည်ဟု ကုလသမဂ္ဂ UNDP က ခန့်မှန်းထားသည်။

သမ္မတအက်ရှရက်ဖ်ဂါနီ၏ အနောက်အုပ်စု ကျောထောက်နောက်ခံ အာဖဂန်အစိုးရကို ဖြုတ်ချပြီး ယမန်နှစ် ဩဂုတ်လတွင် အာဏာယူလိုက်သည့် တာလီဘန်တို့သည် အနောက်အုပ်စုချုပ်ကိုင်ထားသော အာဖဂန်ငွေကြေးများ ပြန်လည်ရရှိရေး ကြိုးပမ်း နေသည်။

Source: Aljazeera