CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

ယခင်ကတည်းက တိုက်ပွဲမဖြစ်ပွားရေး အဆက်အသွယ်ရှိခဲ့ကြောင်း၊ ယခုမှ ထိတွေ့တိုက်ပွဲဖြစ်ကြောင်းနှင့် PNLO ဘက်မှ တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PNLO မှ တွဲဖက်အထွေထွေတွင်းရေးမှူး-၁ ခွန်ထွန်းတင်က CNI သတင်းဌာနသို့ ပြောသည်။

ခွန်ထွန်းတင်က “အရင်တုန်းကတော့ ရှိတယ်ဗျ၊ တပ်မှူးနယ်မြေ၊ တပ်မှူးအချင်းချင်း ရှိတယ်ဗျ၊ ဒါပေမယ့် နောက်ပိုင်းမှာ တော့ ကျနော်ထင်တာတော့ အချိတ်အဆက် မမိတာလည်းပါတယ်၊ နောက် မတော်တဆ ဖြစ်သွားတာလည်း ဖြစ်နိုင်တာပေါ့ နော်၊ ဒါပေမယ့် မတော်တဆ ဆိုပေမယ့်လည်း ၂ နာရီလောက် တိုက်ပွဲဖြစ်သွားတာပေါ့၊ ကျနော်တို့ လူဖက်ကလည်း ကင်း လှည့် နေတဲ့အချိန်မှာ သူတို့က အရင်ပစ်လိုက်တာ အရင်ပစ်ပြီးမှ ကျနော်တို့ဖက်မှာတော့ ၂ ယောက်တော့ ဒဏ်ရာ ရသွား တာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့က PNLO ဥက္ကဋ္ဌနှင့် RCSS ဥက္ကဋ္ဌတို့ ကဒူးကြီးဒေသနှင့်ပတ်သက်၍ တိုက်ပွဲမဖြစ် ပွားရေးနှင့် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းသွားရေးတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက ပြောသည်။

PNLO နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်း RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။

မောက်မယ်မြို့နယ်

ဗိုလ်မှူးစိုင်းခမ်းစံက “တိုက်ပွဲဆိုတာ အကြမ်းအားဖြင့် ရင်ဆိုင်တိုက်ပွဲရယ်၊ ထိတွေ့တိုက်ပွဲရယ် ၂ မျိုး ၂ စား အကြမ်းအားဖြင့် ခွဲခြားလို့ရတာပေါ့၊ ထိတွေ့တိုက်ပွဲဆိုတာ နှစ်ဖက်က လှုပ်ရှားရင်းနဲ့ မထင်မှတ်ပဲ သွားထိတွေ့ကြတယ်၊ လန့်ပြီးတော့ ပစ်ကြ တယ်၊ ပြီးတော့မှ နေရာယူကြတယ်၊ ပြီးလို့ရှိရင် ပြန်ဆုတ်ကြတယ်၊ အဲလောက်ပါပဲ ခင်ဗျ၊ တိုက်ပွဲကြီးတော့ မဟုတ်ဘူးပေါ့ နော်”ဟု ပြောသည်။

ကဒူးကြီးဒေသတွင် PNLO ကို အခြေစိုက်ခွင့် ဦးသိန်းစိန်အစိုးရက ပေးခဲ့ပြီးနောက် RCSS နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း၊ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အဖြေရှာခြင်းက အကောင်းဆုံးဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

စိုင်းထွန်းအောင်လွင်က “နောက်တစ်ခုကတော့ RCSS ကတော့ မြောက်ပိုင်းမှာ နယ်မြေတွေ လက်လွတ်ရတာ များလာတာ တယ်၊ တောင်ပိုင်းကို အ‌ရေးစိုက်ရမယ့် အခြေအနေမျိုး ဖြစ်လာတာမျိုးကြောင့်လည်း ပါမယ်နဲ့ တူပါတယ်၊ သူ့ခြေရင်းမှာတင် ပဲ ‘ဝ’ တွေလည်း ရှိတယ်၊ ပြည်သူ့စစ်တွေလည်း မနီးမဝေးဒေသမှာ အများကြီးရှိတယ်၊ သူ့မှာ သေသေချာချာ နယ်မြေတွေက ရှိထားတာ မရှိဘူးပေါ့၊ မြောက်ဖက် အဝေးကြီးကိုသာ သူသွားနေတာပေါ့”ဟု ပြောသည်။

PNLO နှင့် RCSS တို့သည့် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည်။

ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အဆင့်ဆင့်ကနေလည်း ဖြေရှင်းနိုင် ကြောင်း သိရသည်။