CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

ကယားပြည်နယ်၊ မိုးဗြဲမြို့နယ်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ဖယ်ခုံ(PDF)၊ လွိုင်ကော်(PDF) ပူးပေါင်းအဖွဲ့ တို့နှင့် တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးဗြဲမြို့နယ်တွင် အခြေစိုက်ထားသည့် တပ်မတော်စခန်းများကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်)နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖယ်ခုံ (PDF) က သတင်း ထုတ်ပြန်ထား သည်။

အဆိုပါ တိုက်ပွဲများကြောင့် မိုးဗြဲမြို့၊ စည်ကား(၁)ရပ်ကွက်ရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်ဆီးခဲ့ သလို စည်ကား (၁)ရပ်ကွက်နေ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာမှာ ပြင်းထန်ကြောင်း ဒေသတွင်း သတင်းဌာန Karenni Information Centre က သတင်း ဖော်ပြထားသည်။

လွိုင်ကော်အခြေစိုက် ရွှေလွိုင်ကော် ပရဟိတအသင်း (ကယား)မှ တာဝန်ခံတစ်ဦးကတော့ မိုးဗြဲမြို့နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်)နံနက်ပိုင်းအထိ မိုးဗြဲ၊ လွိုင်ကော်မြို့များ တွင် လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

KNDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(KNDF)

၎င်းက “မိုးဗြဲမှာက မနေ့က ၁၁ နာရီ၊ ၁၂ နာရီ၊ ၁ နာရီ အဲဒီဝန်းကျင်လောက်က သူတို့ တိုက်ပွဲဖြစ်တယ်ပေါ့၊ ဖြစ်တဲ့ အဲဒီဘက် မှာ လက်နက်ကြီးတွေဘာတွေ တင့်ကားတွေဘာတွေ သုံးပြီး ပစ်တယ်လို့ ပြောတယ်။ ပစ်တယ် ပြီးတော့ နေ့လယ်ဘက်တော့ မိုးဗြဲဘက်မှာ ပြန်ငြိမ်သွားပြီးတော့ ညဘက်လွိုင်ကော် ဒုံးကူရပ်ကွက်မှာ ပြန်စတယ်။ ၈ နာရီလောက်ကစပြီးတော့ ၉ နာရီ လောက်ထိ ၁ နာရီလောက် တောက်လျှောက် လက်နက်ကြီးတွေကော၊ လက်နက်ငယ်တွေကော စပစ်တယ် အပြန်အလှန် ပစ်တာပေါ့၊ လွိုင်ကော်မြို့ပေါ်ပေါ့”ဟု ပြောသည်။

ထို့နောက် မိုးဗြဲမြို့အစွန် ရပ်ကွက်များတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း၊ မြို့ထဲနှင့်နည်းနည်း ဝေးကြောင်း ရွှေလွိုင်ကော် ပရဟိတအသင်း (ကယား)မှ တာဝန်ခံတစ်ဦးက ပြောသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) သတင်းနှင့် ပြန်ကြားရေးဌာနကတော့ ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်) နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း CNI သတင်းဌာနသို့ ပြောသည်။

KNDF မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က အခုထိပစ်နေတုန်းပဲ၊ ဒါကြောင့်မို့ လောလောဆယ်တော့ ကျနော်တို့ ဒီသတင်း နဲ့ ပတ်သက်လို့ ဘာမှ တစ်စုံတစ်ရာ ဖြေကြားဖို့ အဆင်မပြေဘူးပေါ့၊ တိုက်ပွဲကလည်း ဖြစ်နေဆဲဆိုတော့”ဟု ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ တိုက်ပွဲရှောင် တစ်သိန်းခွဲ ရှိ ကြောင်း သိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်၊ ဒီမောဆိုး၊ ဖယ်ခုံ၊ မိုးဗြဲ စသည့် မြို့နယ်များတွင် တပ်မတော်နှင့် ဒေသကာကွယ်‌ရေး ပူးပေါင်း အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။