CNI International News

ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၁၇

မြန်မာ့ငြိမ်းချမ်းရေးအတွက် အဆိုပြုထားသော ဖြေရှင်းနည်းများသည် ယခင်နည်းလမ်း အယူအဆများနှင့် များစွာဆင်တူ နေဦးမည်ဆိုလျှင် မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းသည် ဆယ်စုနှစ်တစ်ခုအထိ ကြာသွားနိုင်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သတိပေးလိုက်ကြောင်း ဖနွမ်ပင်ပို့စ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျင်းပခဲ့သည့် ကရာတိုင်းနှင့် ပရေဗန်ပြည်နယ်များရှိ တံတား ၇ စင်း ဖွင့်ပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ သတိပေးချက်မျိုးကို ဟွန်ဆန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ မနက်ပိုင်း တွေ့ကြပြီး ညနေကျတော့ ရလဒ်ထွက်လာတာမျိုး မဟုတ်ဘူးဗျ” ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စေ့စပ်ဖျန်ဖြေရေး လုပ်ငန်းစဉ်၏ အရှိန်အဟုန်ကို စိတ်ပျက်မိကြောင်း၊ ယခင် အခြေအနေများအတိုင်း ထူး မခြားနား ဖြစ်နေလျှင် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ နောက်ထပ် ၅ နှစ်မှ ၁၀ နှစ်အထိ အချိန်ယူရလိမ့် ဦးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်က “ကျနော် အာဆီယံဥက္ကဋ္ဌအနေနဲ့ မဟုတ်ဘဲ ကမ္ဘောဒီးယား ကိုယ်စားအနေနဲ့ပဲ အခုလိုပြောတာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။

အလွန်ညှာတာလွန်းသော (သို့မဟုတ်) ကြမ်းတမ်းလွန်းသော ခြိမ်းခြောက်မှုထက် အလယ်အလတ်ကျသော ဖြေရှင်းနည်းကို ရွေးချယ်ရန် ၎င်းက တိုက်တွန်းခဲ့ပြီး ၎င်းအနေဖြင့် မြန်မာ့အရေးတွင် နိုင်ငံရေးဩဇာလွှမ်းမိုးရန် မရည်ရွယ်ဘဲ လေ့လာသူဖြစ် သာ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားသည် မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှု နည်းပါးပါကြောင်း ထပ်လောင်း ပြော ကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ကိုတွေ့ရစဉ်

ဒေသတွင်းနှင့် အာဆီယံအတွင်း မကြုံစဖူး စိန်ခေါ်မှုများ ရှိနေသည့်ကြားမှ ကမ္ဘောဒီးယားသည် အာဆီယံဥက္ကဋ္ဌနေရာကို ၂၀၂၂ ခုနှစ်အတွက် ရယူထားခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆိုခွန်က ယခင်သီတင်းပတ်၌ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအနေဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်မှာ နောက် ၁၁ လဆိုလျှင် ကုန်ဆုံးမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း ကမ္ဘောဒီးယားက ဘာပဲလုပ်ပြပြ မြန်မာ့အရေးကိစ္စနှင့် ပတ်သက်လာလျှင် အဝေဖန်ခံနေရဦးမည်ဖြစ်ကြောင်း ဟွန်ဆန်က မှတ်ချက်ချခဲ့သည်။ မည်သို့ဆိုစေကာမူ ဟွန်ဆန်ကတော့ အတိုင်းအတာတစ်ခုအထိ အကောင်းမြင်ဝါဒကို ဆက်လက် ပြသခဲ့ သည်။

ဟွန်ဆန်က “ကျနော်တို့ ဖြေရှင်းချက် ရှာဖွေပေးနေတာ ရပ်တန့်မှာ မဟုတ်ပါဘူး။ တစ်နေ့နေ့တော့ ပြဿနာကို ဘယ်လို ပြေလည်အောင် ရှင်းနိုင်မလဲဆိုတာ သိလာလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ဟွန်ဆန်အပေါ် ဝေဖန်ထိုးနှက်လာခဲ့သည့် “ကောင်းဘွိုင် သံခင်းတမန်ခင်း” ဟူသော စေ့စပ်ဖျန်ဖြေမှုကိုလည်း ယခုမိန့်ခွန်း တွင် ဟွန်ဆန်က ပယ်ချခဲ့သည်။

ဟွန်ဆန်က “တချို့လူတွေက ကျနော့်ကို ကောင်းဘွိုင်သံခင်းတမန်ခင်း ကျင့်သုံးတယ်လို့ ပြောကြတယ်ဗျ။ ကျနော် နားမလည်မလို့ပါ။ အဲဒီလို သံခင်းတမန်ခင်းဆိုတာ ဘာကို ဆိုတာလဲ။ အဲဒီလူတွေက ကျနော့်ကို လာရှင်းပြကြပါလား” ဟု မေးခွန်းထုတ်ခဲ့သည်။

ခမာနီများ ကျဆုံးပြီးနောက် ကမ္ဘောဒီးယားကို ဦးဆောင်ခဲ့သည့် ၎င်း၏အတွေ့အကြုံကို ပြန်အမှတ်ရမိကြောင်း၊ မိမိအစိုးရကို ထိုစဉ်က နိုင်ငံအတော်များများ လက်မခံခဲ့သော်လည်း နောင်တစ်ချိန်တွင် မိမိနှင့်လက်တွဲဖို့ ရှောင်လွဲလို့မရဘူးဟု ၎င်းတို့ သိလာကြောင်း အဆိုပါနိုင်ငံများ၏ အမည်မဖော်ဘဲနှင့် ဟွန်ဆန်က ဆက်လက်ပြောကြားခဲ့သည်။

Source: Phnompenh Post