CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
မိမိတို့ ပြည်သူများသည် ကမ္ဘာကြီးကို ကယ်ပါကူပါတောင်းပန်မည့်အစား မျှတသည့် ဒိုင်လူကြီးဖြစ်အောင် ကျင့်ကြံပေးပါ ဟု တောင်းဆိုပါကြောင်း ဦးမင်းကိုနိုင်က ပြောသည်။
Spring Flowers International Conference on Myanmar မှာ ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်)တွင် အမျိုးသား ညီညွတ် ရေး အတိုင်ပင်ခံကောင်စီဝင် ဦးမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးမင်းကိုနိုင်က “ကျနော်တို့ ပြည်သူ့အစိုးရ၊ အရင်ပြည်သူ့အစိုးရကနေပြီးတော့ အပ်နှံထားခဲ့တဲ့ ဥပမာ ဒေါ်လာသန်း ၁၀၀၀ လို ကိစ္စမျိုးပေါ့။ အဲဒါမျိုးဟာ ပြည်သူ့အစိုးရ လက်ရှိ NUG အစိုးရကို ပြန်လည်ရရှိဖို့အတွက် ကြိုးစားသင့်ပါတယ်။ ကျနော်တို့ ပြည်သူတွေ ကတော့ နောက်ဆုံးပြောစရာရှိပါတယ်။ကမ္ဘာကြီးကို ကယ်ပါ ကူပါလို့တောင်းပန်မယ့်အစား မျှတတဲ့ဒိုင်လူကြီး ဖြစ်အောင် ကျင့်ကြံပေးပါလို့ ကျနော်တို့က တောင်းဆိုနေပါတယ်”ဟု ပြောသည်။
မစေ့စပ်တမ်း အပြုတ်တိုက်ရေး လမ်းကြောင်းပေါ်မှာ ရပ်တည်ပြီး နိုင်ငံတကာကို ဒိုင်လူကြီးလုပ်ပေးပါဆိုသည့် အခြေအနေ မှာ မကိုက်ညီကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။
ဦးရဲထွန်းက “ဒိုင်လူကြီးလုပ်တယ်ဆိုတာကတော့ တစ်ဖက်နဲ့တစ်ဖက်က အပြိုင်ပေါ့ အားပြိုင်ပြီးတော့ ဆွေးနွေးနေမှ ဒိုင် လူကြီး လုပ်တယ်ဆိုတာ လုပ်ပေးပါဆိုပြီးတော့ ပြောတာက ဆီလျော်တာလေ၊ တစ်ဖက်နဲ့တစ်ဖက် အပြုတ်ခြေမှုန်းမယ်ဆို တဲ့ ပွဲမျိုးမှာ ဒိုင်လူ ကြီးလုပ်ပေးပါလို့ ပြောတာက မဆီလျော်ဘူး၊ အဲပွဲတွေမှာ ဒိုင်လူကြီးဆိုတာမရှိဘူး။ ကျနော့်အမြင်က တော့နော် အပြတ်တိုက်ပါ အပြတ်တိုက်ကြဆိုပြီးတော့ပဲ တစ်ဖက်ကိုအားပေးတာ တစ်ဖက်ကို ရပ်ခံတာပဲရှိတယ်။ အခုဟာ က သူတို့ NUG တို့ ဘာတို့က အဲဒီလိုရပ်ခံနေတာ အပြုတ်တိုက်ဖို့ပဲ ရပ်ခံနေတာ၊ ဒီဘက်ကလည်း နစကကလည်း အပြုတ် တိုက်ဖို့ပဲ ပြော နေတာ အဲတော့ မှန်ကန်တဲ့ဘက်က ရပ်တည်ပေးပါလို့ ပြောလို့ရှိရင် အဲဒီပြောဆိုချက်က လက်တွေ့ကျ တယ်။ မှန်ကန်တဲ့ ဘက်ကပဲ ရပ်ပေးပါ၊ ဒိုင်လူကြီးလုပ်ပေးပါဆိုတဲ့ သဘောကကျတော့ ကြားဝင်ပြီးတော့ စေ့စပ်ဖျန်းဖြေ ပေးပါ၊ ညှိနှိုင်းပေးပါ တက်နိုင်သမျှ သွေးထွက်သံယိုမှု အနည်းဆုံးနဲ့ပြဿနာပြေလည်အောင် စေ့စပ်ဆွေးနွေးဖို့ ဟိုဟာဖြစ် ပေးပါဆို တဲ့သဘော သက်ရောက်တယ်၊ အဲလိုရည်ရွယ်တာမဟုတ်ဘူးဆိုရင်တော့ လက်တွေ့မကျဘူးပေါ့”ဟု ပြောသည်။
အမေရိကန်နဲ့အာဆီယအပါ နိုင်ငံတကာ ခေါင်းဆောင်များကိုတွေ့ရစဉ်
ထို့နောက် ဦးမင်းကိုနိုင်က ပြည်သူ့ရင်ခွင်သို့ ရဲနှင့်စစ်တပ်မှ ခိုလှုံလာသူများရှိခြင်းသည် စစ်ပွဲကြီးများကို ရှောင်လွှဲနိုင်သည့် နည်းလမ်းဖြစ် ကြောင်း၊ CDM လုပ်ကြသည့် ကိစ္စမျိုးတွင် ဘဏ္ဍာမရေးများစွာလိုအပ်ကြောင်း ပြောသည်။
ဦးမင်းကိုနိုင်က “ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ရဲတွေ၊ စစ်တပ်ကလူတွေရှိပါတယ်။ဒါဟာ တကယ်တော့ စစ်ပွဲကြီးများကို ရှောင် လွှဲနိုင်တဲ့ နည်းလမ်းများပါ။ ထိခိုက်မှု နစ်နာမှု အနည်းဆုံးနည်းလမ်းပါ၊ဒါကို ကမ္ဘာကြီးက အားပေးဖို့တွေ သင့်ပါတယ်။ တကယ်ကို အသိအမှတ်ပြုသင့်ပါတယ်။ အဲလို ဝန်ထမ်းအားလုံးပေါ့နော်၊ စစ်သား၊ ရဲသားတွေကအစ အားလုံးက ပြည်သူ့ ရင်ခွင်ကို ဝင်လာမယ်။ CDM လုပ်ကြတဲ့ကိစ္စမျိုးမှာ ဘဏ္ဍာရေးများစွာလိုပါတယ်။ အင်မတန် ထိခိုက်အကျဆုံး အနည်းဆုံးမလို့ ဒါကို အလေးအနက်ထားသင့်ပါတယ်။အဲဒီအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးကို ပြည်သူတွေရှာနေကြပါတယ်” ဟု ပြောသည်။
နိုင်ငံတကာကို ဒိုင်လူကြီးအဖြစ် ဝင်ရောက်နိုင်သည့် အခင်းအကျင်းကို ဖန်တီးမပေးထားခြင်းကြောင့် ဝင်ရောက်နိုင်ခြေ မရှိ ကြောင်း၊ အမေရိကန်နှင့်အနောက်အုပ်စုသည် စစ်ရေးအကူအညီ မပေးတော့ခြင်းကို သဘောပေါက်လာခြင်းကြောင့် ဒိုင်လူကြီးအဖြစ် နေပေးရန် တောင်းဆိုခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။
ဦးရဲထွန်းက “ကျနော်တို့ လက်တွေ့နိုင်ငံရေး သဘောအရဆိုလို့ရှိရင်တော့ အဲနိုင်ငံတကာက တရားသူကြီး အနေအထား နေဖို့ အခင်းအကျင်း ဖော်ပြချက်ကို မတွေ့ဘူး။မရှိဘူး၊ ဒါပေမယ့် စေ့စပ်ညှိနှိုင်းတဲ့ တိုက်တွန်းချက်မျိုး ဥပမာ အာဆီယံ အသင်းလို့ ပေါ့နော်။ အခု ကုလသမဂ္ဂကလည်း ကျနော်တို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အထူးကိုယ်စားလှယ် လွှတ် တယ် ဆိုတာက သူက အဓိက အာဆီယံအသင်းက ဆုံးဖြတ်ထားတဲ့ အချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့၊ တိုက်တွန်းဖို့၊ တွန်းအားပေးဖို့ ဒီအတွက်ပဲ။ ဆိုတော့ ပြောချင်တာက အဲလိုနိုင်ငံတကာကနေ ဒိုင်လူကြီးအနေအထား ဝင်လို့ရတဲ့ အခင်းအကျင်းကိုမရှိဘူး၊ ဒါကြောင့်မလို့ သူက ကျနော်ထင်တာတော့ နိုင်ငံရေးသဘောထားတစ်ရပ်အနေနဲ့ပဲ ပြောတယ်လို့ ယူဆရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတကာက စစ်ရေးအရ အရင်တုန်းက ဝင်ရောက်စွက်ဖက်လေ့ရှိတဲ့ အမေရိကန် တို့၊ အနောက်အုပ်စုတို့ကလည်း အထူးသဖြင့်တော့ အမေရိကန်ပေါ့ဗျာ။အမေရိကန်ကလည်း ပြတ်ပြတ်သားသား ဒီကိစ္စ တွေကလည်း အကုန်လုံးက အရင် လုပ်ခဲ့တဲ့ဟာမှန်းသမျှ အမှားတွေပဲ တွေ့တဲ့အခါ ဒီအခါတော့သူက မလုပ် တော့ဘူးလို့ ပြောထားတာလေ၊ ကျနော်တို့ နိုင်ငံ ကိစ္စရော၊ ယူကရိန်းကိစ္စရော။ အဲလိုပြောထားတာဆိုတော့ မျှော်လင့်ချက်က မရှိ တော့ဘူး”ဟု ပြောသည်။
နွေဦးတော်လှန်ရေးကိုတွေ့ရစဉ်(AFP)
လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွား မှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဖြုတ်ချ၍ နိုင်ငံတော်ကိုအရေးပေါ်ကြေညာထားသည်။
ထို့နောက် NLD ပါတီဝင်များနှင့် ဒီမိုကရေစီအင်အားစုများက ဆန့်ကျင် ကန့်ကွက်ခဲ့ကြသလို လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကနေ တပ်မတော်ဖြုတ်ချရေးကြိုးပမ်းလျက်ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ကို ဖွဲ့စည်းကာ နိုင်ငံတကာမျက်နှာစာမှာ သံတမန်ရေးရာ ဖိအားပေးလျက်ရှိသည်။