CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈

နစကအနေနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းကာ ဖြေရှင်းလိုပါက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများ အမြန် စစ်၍ ပြစ်ဒဏ်များချပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ရွေးကောက်ပွဲဝင်မည့် လမ်းကြောင်းဖွင့်ပေးရန်လိုကြောင်း နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း(သီပေါ) က ပြောသည်။

ဦးရဲထွန်းက “နှစ်ဖက်လုံး သူမသာကိုယ်မသာပေါ့၊ ဆိုလိုတာကတော့ နှစ်ဖက်လုံးက သိက္ခာမပျက်ပေါ့၊ ကိုယ့်ဂုဏ်သိက္ခာ မထိ ခိုက်စေဘဲ သွားဖို့ဆိုရင်တော့ သူတို့လုပ်တဲ့ ရွေးကောက်ပွဲလည်း ၂၀၂၃ ဩဂုတ်လမှာ ဖြစ်မြောက်စေ၊ တစ်ခါ NLD လည်း ပါဝင်နိုင်စေ၊ နောက်တစ်ခါ ကမ္ဘာ့နိုင်ငံ အားလုံးကလည်း အသိအမှတ်ပြုနိုင်စေဖို့အတွက် ဆိုရင်တော့ ဒီလမ်းပဲရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတွေ မြန်မြန်ပြီးအောင်စစ်၊ ပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ ပေးပြီးတော့ ၂၀၂၃ ဩဂုတ်လ မှာ ရွေးကောက်ပွဲမှာ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးပေါ့”ဟု ပြောသည်။

ထိုသို့ လုပ်ဆောင်ပါက ပြည်တွင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ လျော့ကျသွားမည်သလို နိုင်ငံတကာက လိုလားသည့် အခြေအနေလည်း ပြန်လည် ရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “သူ့အနေနဲ့လည်း အခြေခံဥပဒေအတိုင်း လုပ်တယ်ဆိုတဲ့ လမ်းကြောင်းပေါ် ရောက်သွားပြီးတော့ NLD လည်း ပါဝင်စေချင်ရင်တော့ တစ်နည်းပဲရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို ပြီးအောင် မြန်မြန်စစ်လိုက်ပြီးတဲ့ အခါကျ တော့ အမှုတွေ ပြီးတော့ ပြစ်ဒဏ်ချတဲ့အချိန်မှာ၊ သူက လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်၊ အဲဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ် ဆိုရင်တော့ အာဆီယံက လိုလားတဲ့ ဟာလည်း ရသွားမယ်၊ ပြည်တွင်းက ပဋိပက္ခတွေလည်း လုံးဝကြီး ရပ်ဆိုင်း မသွားဘူး ဆိုရင်တောင်မှ တော်တော်လေး အရှိန်လျော့သွားမယ်၊ ငြိမ်သွားမယ်၊ နောက်တခါ ရွေးကောက်ပွဲကိုလည်း နိုင်ငံတကာ အသိ အမှတ် ပြုပြီးတော့ စစ်ကောင်စီ အနေနဲ့လည်း သူတို့ မူလပြောထားတဲ့ အခြေခံဥပဒေအတိုင်း သွားမယ်ဆိုတဲ့ဟာကို မသွေ ဖယ်ဘဲနဲ့ လျှောက်နိုင်မယ့် လမ်းတစ်လမ်းတော့ ရှိတယ်၊ အဲဒီလို အခြေအနေရောက်အောင် အိုင်ဒီယာပေးဖို့တော့ လိုတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

လက်ရှိတွင် ဖမ်းဆီး တရားစွဲဆို ခံထားရသူများမှာ တည်ဆဲဥပဒေများကို ချိုးဖောက်၍ တရားစွဲခံနေရခြင်းဖြစ်ပြီး နစက အနေနှင့် ၎င်းတို့နှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်မည့် အခြေအနေမှာ လက်တွေ့တွင် မဖြစ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

၎င်းက “အခြားအဖွဲ့အစည်းတွေအနေနဲ့ မည်သို့ပင် သတ်မှတ်သတ်မှတ် ဒါက ဥပဒေကို ချိုးဖောက်လို့ အကျဉ်းကျခံ နေရ တယ်ဆိုတာကိုပဲ ကျနော်တို့က သတ်မှတ်ရမှာ ဖြစ်ပါတယ်၊ ဒါမျိုးလူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ မလွယ်ဘူးလို့ ထင် တယ်ပေါ့နော်၊ လက်တွေ့ အခြေအနေမှာတော့ ခက်ပါတယ်၊ ကျနော်မြင်တာကတော့ ပုံမှန်အားဖြင့် ၂၀၂၃ ရွေးကောက်ပွဲကိုပဲ သွားရလိမ့်မယ်၊ အဲဒီကနေတဆင့်ပဲ တက်လာတဲ့အစိုးရကို လွှဲပေးပြီးတော့မှ၊ ဒီလိုမျိုး လမ်းကြောင်းနဲ့ပဲ သွားမယ်လို့ထင် တယ်” ဟု ပြောသည်။

ကယား PDF ကိုတွေ့ရစဉ်

ဧပြီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် နေပြည်တော် အထူးတရားရုံးက ထောင်ဒဏ် ငါးနှစ် ထပ်မံ ချမှတ်ခဲ့သည်။

အဆိုပါ မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ထားသည့် အမှုပေါင်း ၁၈ မှုအနက် ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရကြောင်း၊ လက်ရှိ အမိန့်ချလိုက်သည့် ထောင်ဒဏ်ငါးနှစ်သည် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံက ရွှေနှင့် ဒေါ်လာများ လက်ခံရယူခဲ့သည်ဟု စွပ်စွဲထားသည့်အမှုကို အမိန့်ချခဲ့ခြင်း ဖြစ်သည်။