CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၁

မြန်မာနိုင်ငံကို ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါ်စုစုလွင်တို့ တွေ့ဆုံခဲ့ပါက NLD အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စုစုလွင် အနေဖြင့် မည်သည့် အနေအထားတွင် တွေ့ဆုံမည်ကို စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ NLD ကိုယ်စားပြု တွေ့ဆုံမည်ဆိုပါက အဝေးရောက် NLD ခေါင်းဆောင်များနှင့် အငြင်းပွားမှု ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “နိုင်ငံရေးပါတီတွေနဲ့ တွေ့တဲ့အခါမှ NLD နဲ့ တွေ့မယ်ဆိုတဲ့ အခါကြတော့ NLD က အဓိက ခေါင်းဆောင်တွေ ကလည်း အကျဉ်းချ ခံထားရတယ်၊ တချို့ကလည်း အဝေးရောက်နေတာပေါ့ဗျာ၊ အဲလို ဖြစ်တဲ့အခါကြတော့ အခု တွေ့မယ်လို့ သူတို့မှန်းထားတဲ့ လူက ဒေါ်စုစုလွင် ဖြစ်တယ်၊ ဆိုတော့ အဲဒီ ဒေါ်စုစုလွင် တွေ့တာနဲ့ ပတ်သက်ပြီးတော့ NLD ထဲမှာ သဘော ထား ကွဲလွဲမှုတွေ ဖြစ်လာနိုင်တာပေါ့နော်၊ ဖြစ်လာနိုင်တယ်။ ဒေါ်စုစုလွင်ကရော ဘယ်လို အနေအထားကနေပြီးတော့ လက်ခံ တွေ့မှာလဲ ဘယ်လို အနေအထား ရှိမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့လေ။ သို့သော် သေချာတာကတော့ ဒေါ်စုစုလွင် နဲ့ လက်ခံတွေ့လိုက်တယ်၊ နစက-ကလည်း ဒေါ်စုစုလွင်ကို လက်ရှိ NLD ရဲ့ တရားဝင် ရပ်တည်ပိုင်ခွင့်ရှိတဲ့ ပါတီကိုယ်စား လှယ် တစ်ယောက်အနေနဲ့ အသိအမှတ်ပြုလိုက်တယ်ဆိုရင် တခြား အဝေးရောက်နေတဲ့ NUG တို့၊ CRPH တို့က NLD ခေါင်းဆောင်တွေနဲ့ အငြင်းပွားစရာ ဖြစ်လာနိုင်တာပေါ့နော်”ဟု ပြောသည်။

ဒေါ်စုစုလွင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

အာဆီယံ အထူးကိုယ်စားလှယ်နှင့် ဒေါ်စုစုလွင်တို့ တွေ့ဆုံမည့်ကိစ္စနှင့် ပတ်သက်၍ အခြားသော NLD ခေါင်းဆောင်များ၏ သဘောထားကို သိရှိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇောကတော့ အာဆီယံအထူးကိုယ်စားလှယ်နှင့် NLD တွေ့ဆုံသည့် ကိစ္စနှင့် ပတ်သက်၍ မိမိအနေဖြင့် မပြောလိုကြောင်း၊ သို့သော်လည်း အာဆီယံကိုယ်စားလှယ် လာရောက်ခြင်းမှာ ပြည်သူများအတွက် အကျိုးမရှိနိုင်ကြောင်း ပြောသည်။

၎င်းက “အာဆီယံအနေနဲ့ကတော့ သူတို့ လုပ်စရာရှိတာ သူတို့ ဆက်လုပ်နေတယ်ထင်တယ်၊ သူ့ရဲ့ ဆုံးဖြတ်ချက် (၅) ချက်ကို ဗမာပြည်က ဘယ်လောက်လက်ခံနိုင်လဲ၊ လက်မခံနိုင်လဲဆိုတာ ဆက်လုပ်နေပုံရတယ်၊ အဲတော့ အာဆီယံက သူ့တစ်ခုလုံးရဲ့ မူကိုက ဗမာပြည်ကို ပစ်ထားဖို့ မဟုတ်ဘူးလေ၊ ဗမာပြည်ကို အာဆီယံထဲမှာ ပါဝင်ပြီးတော့ ဆက်လက် လုပ်ဆောင်စရာရှိတာ လုပ်ဆောင်ဖို့ပဲ၊ အဲတော့ အာဆီယံရဲ့ အဓိက လုပ်ငန်းက ဗမာပြည် ဒီမိုကရေစီရရေး မဟုတ်ဘူးဗျ၊ အာဆီယံရဲ့ အခု လော လောဆယ် ကိစ္စကတော့ ကိုဗစ် -၁၉ အပြီးမှာ စီးပွားရေးကို အားလုံး ဘယ်လိုပြန်ပြီးတော့ ကောင်းအောင် လုပ်မလဲ၊ အာဆီယံ နိုင်ငံတွေ ညီညီညွတ်ညွတ် ဘယ်လို လုပ်ကြမလဲဆိုတဲ့ဟာ သူ့ရဲ့ အဓိက ပြဿနာပဲ။ အဲတော့ အာဆီယံကလည်း သူ့ဟာနဲ့ သူ လုပ်မယ်ဗျာ၊ ကျမတို့ ဗမာပြည်သူကလည်း ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ။ ဘာမှတော့ ကျမတို့ ပြည်သူအတွက်ကတော့ သိပ်အကျိုးရှိစရာ အကြောင်းတော့ မရှိဘူးပေါ့ဗျာ” ဟု ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်က တွေ့ဆုံစဉ်

ယနေ့ (မတ်လ ၂၁ ရက်) နံနက်ပိုင်းက အာဆီယံအထူးကိုယ်စားလှယ်နှင့် နစကဥက္ကဋ္ဌတို့ တွေ့ဆုံခဲ့ပြီး အာဆီယံ ဘုံသဘော တူညီချက် (၅) ရပ်အပေါ် အကောင်အထည်ဖော်မှု အခြေအနေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေး၊ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဦးရဲထွန်းက “အဲဒီလို ကိုယ်စားပြုခွင့်ကိစ္စက တခြားလူတွေ လက်မခံသော်လည်း ကျန်တဲ့ အကျဉ်းချမခံရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေလည်းရှိတယ်၊ အဲဒီ ကိုယ်စားလှယ်ဟောင်းတွေ အများစု ဒီမြို့ပေါ်မှာ ကျန်နေခဲ့တဲ့ ကိုယ်စားလှယ် ဟောင်းတွေရဲ့ သဘောထား ဘယ်လိုလဲ၊ ပြောချင်တာက ဘယ်လိုလဲဆိုတာက NLD ကို အဓိက ခေါင်းဆောင်တွေ မပါပဲနဲ့ ဆက်သွားမှာလား ဆက်သွားမှာဆိုတာက ဘာဖြစ်လို့ဆို သိပ်မကြာတော့တဲ့ ကာလအတွင်းမှာ ရွေးကောက်ပွဲရှိတယ်လေ၊ နစက လုပ်ပေးမယ့် ရွေးကောက်ပွဲရှိတယ်၊ အဲဒီရွေးကောက်ပွဲ ပါမှာလား၊ မပါဘူးလား ဆိုတဲ့ဟာ အပေါ်မှာ အများကြီး အဆုံး အဖြတ်ပေးမှာ ဆိုတဲ့အခါကြတော့ အဲဒီလူတွေကို ဒေါ်စုစုလွင်ကရော စည်းရုံးနိုင်မှာလား။ အဲလို သွားဖို့အတွက်ရော အဓိက ခေါင်းဆောင်တွေ မပါဘဲနဲ့ရော သွားဖို့ သူ့မှာ စိတ်ဆန္ဒရှိသလားဆိုတဲ့ အချက်တွေ ပေါ်မှာတော့ မူတည်မှာပေါ့၊ ဒါတွေက တော့ ကျနော်တို့ မသိနိုင်သေးတဲ့ အချက်တွေပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန် (Prak Sokhonn) သည် နစက ဥက္ကဋ္ဌ နှင့် တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံရေးပါတီ တချို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။