CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၉

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေးအစုအဖွဲ့မှ အလုပ်အဖွဲ့ ကိုယ်စားလှယ်များသည် ဧပြီ ၆ ရက်က တွေ့ဆုံ ဆွေးနွေး၍ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် သဘောတူခဲ့ကြသော်လည်း လွှတ်တော်မရှိခြင်းကြောင့် ပြင်ဆင်၍ မရနိုင်ကြောင်း အငြင်းပွားနေကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ လက်ရှိ အရေးပေါ်ကာလတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်စေဘဲ ပုဒ်မ ၂၆၁ ကို ပြင်ဆင်နိုင်သည့် ဥပဒေတစ်ရပ်ကို ရေးဆွဲ၍ ပြဋ္ဌာန်း နိုင်သော အခွင့်အာဏာရှိကြောင်း ပြောသည်။

ဦးရဲထွန်းက “သူတို့က သဘောတူတယ်လို့ ပြောလိုက်ပေမယ့်၊ အခြေခံဥပဒေကိုတော့ ပြင်လို့မရဘူးလေ၊ အဲတော့ ဟုတ်ပြီ အခြေခံဥပဒေကို ပြင်လို့မရဘူးဆိုရင် ဥပဒေကို ရေးဆွဲပြီးတော့ ပြဋ္ဌာန်းပြီး ကျင့်သုံးမယ်ဆိုရင် ကျနော်ပြောသလို တိုင်းဒေ သကြီး ပြည်နယ် အစိုးရအဖွဲ့ဥပဒေမှာ အဲဒီ ဝန်ကြီးချုပ် ရွေးချယ်ရေးကိစ္စကို ဥပဒေပြဋ္ဌာန်းပြီးတော့ လာမယ့် အစိုးရပေါ်လာ တဲ့အခါမှာ အဲဥပဒေအတိုင်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွေကနေ ဝန်ကြီးချုပ်ရွေး အစိုးရအဖွဲ့ ဖွဲ့။ အဲဒါမျိုးကို ကျင့်သုံးလို့ရတယ်လို့ ကျနော်ရေးထားတာ။ ပြည်ထောင်စုလွှတ်တော်ကပဲ တစ်စုံတစ်ယောက်ကနေ ပြီးတော့ အဆိုတင်ပြီး တဲ့ အခါကျတော့ ၅၀ ရာခိုင်နှုန်းကျော်က မညီပါဘူးလို့ ဆုံးဖြတ်လို့ရှိရင်တော့ ပျက်ပြယ်မှာပေါ့။ အဲတော့ ဘယ်သူကမှ အဆိုမတင်သွင်းဘူး၊ လွှတ်တော်ကလည်း ထောက်ခံချက်မပေးဘူးဆိုရင်တော့ ၂၆၁ ကို အခြေခံဥပဒေ မပြင်ဘဲနဲ့ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားချက်နဲ့အညီ ကျင့်သုံးလို့ရတယ် ဆိုတဲ့သဘောပေါ့”ဟု ပြောသည်။

အဆိုပါ သဘောတူညီချက်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု မရဘဲ ပြင်ဆင်၍ မရကြောင်း၊ လက်ရှိတွင် လွှတ်တော်လည်းမရှိကြောင်း ထောက်ပြကြ သည်။

NSPNC နဲ့ နိုင်ငံရေးပါတီတချို့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၆ ရက်က တွေ့ဆုံဆွေးနွေးစဉ်

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်က “ဖွဲ့စည်းပုံပြင်ရေးဆိုတာ နိုင်ငံရေးပါတီတွေနဲ့ အစိုးရနဲ့ ဆွေးနွေးလို့ရတဲ့ဟာ မဟုတ်ဘူး၊ လွှတ်တော်က ပြင်မှရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ၊ လက်ရှိအစိုးရ ပြင်လို့လည်း မရဘူး၊ အရင်အစိုးရ ပြင်လို့လည်း မရဘူး၊ သူ့ရဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်အရ ၂၀၀၈ အရဆိုရင် လွှတ်တော်ကပဲ ပြင်ရမှာ၊ အဲတော့ အခုက NSPNC နဲ့ နိုင်ငံရေးပါတီ အစု အဖွဲ့လောက်က သဘောတူပါတယ်ဆိုတဲ့ အချက်က အချက်တစ်ခုတော့ ဖြစ်သွားတာပေါ့၊ အဖြေတစ်ခုတော့ ရသွားမှာပေါ့၊ ဒါပေမဲ့ အဲလိုပြင်တဲ့ နိုင်ငံရေးပါတီတွေက လွှတ်တော်ကို ရောက်ပါ့ မလားဆိုတာက အဓိကပြဿနာ၊ NSPNC ကတော့ တပ်က သဘောတူလို့ ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ကိုယ်စားပြုတဲ့ လွှတ် တော် အမတ်တွေက လွှတ်တော်ကို ရောက်မယ်လေ၊ အခု UPDJC မှာပါတဲ့ နိုင်ငံရေးပါတီတွေကို လူထုက ဘယ်လောက် ထောက်ခံပြီးမှ လာမယ့်ရွေးကောက်ပွဲမှာ အမတ်ဘယ် လောက် ရမှာလဲဆိုတာ အရေးကြီးတာပေါ့၊ အမတ်ကပဲ ပြင်လို့ရ တာလေ၊ ပါတီကိုယ်စားပြုတဲ့ အမတ်ကပဲ ရတာလေ”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်းမရှိဘဲ တည်ဆဲဥပဒေအဖြစ် ကျင့်သုံးလျက်ရှိနေသည်။