CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁

နစက-က အသစ်ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းလိုက်သည့် ရဲတပ်ဖွဲ့ဥပဒေတွင် နိုင်ငံသားအခွင့်အရေးနှင့် ပုဂ္ဂလိက လွတ်လပ်ခွင့် များကို ထိခိုက်သည့် အချက်များ ပါဝင်နေကြောင်း ဥပဒေပညာရှင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

အဆိုပါ ပြင်ဆင်လိုက်သည့် ဥပဒေတွင် ရဲတပ်ဖွဲ့အနေနှင့် လုံခြုံရေးနှင့် ကာကွယ်ရေး အကြောင်းပြချက်ဖြင့် တရားရုံးမှ ဖမ်း ဝရမ်းမပါဘဲ လူတစ်ဦးတစ်ယောက်ကို ဖမ်းဆီးခွင့် ခွင့်ပြုထားသည့် အချက်များ ပါဝင်သည်။

လက်ရှိ အသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေတွင် နိုင်ငံ၏ လုံခြုံရေး၊ ကာကွယ်ရေးကို အဓိက ဇောင်းပေး ထားကြောင်း၊ ယခင်က ဥပဒေအရ နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခွင့် စစ်ဆေးခွင့်များနှင့် ပတ်သက်၍ ရဲအရေးမပိုင်ပါက သက်ဆိုင်ရာ တရားရုံးမှ ခွင့်ပြုချက်ရှိမှာသာ ဖမ်းဆီးခွင့် စစ်ဆေးခွင့်ရှိကြောင်း၊ သို့သော် ယခု အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် အဆိုပါ ကန့်သတ်ချက်များ မရှိတော့ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က CNI သတင်းဌာနသို့ ပြော သည်။

ဦးခင်မောင်မြင့်က “အသစ် ပြဋ္ဌာန်းလိုက်တဲ့ ရဲတပ်ဖွဲ့ ဥပဒေမှာကျတော့ အဲဒီလို ကန့်သတ်ထားတဲ့ တားမြစ်ထားတဲ့ ကန့်သတ် ချက်တွေကို ကျော်လွန်ပြီးတော့ နိုင်ငံသားတစ်ဦးအပေါ်မှာ မသင်္ကာဖွယ်ရာ အကြောင်းရှိရင် သို့မဟုတ် လုံခြုံရေးနှင့် ကာ ကွယ်ရေးဆိုင်ရာ မသင်္ကာဖွယ်ရာ အကြောင်းအချက်တွေရှိရင် ရှာဖွေခွင့်ရှိတယ်၊ ဖမ်းဆီးခွင့်ရှိတယ်၊ အဲဒီလို ရှာဖွေ ဖမ်းဆီးတဲ့ နေရာမှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူး၊ ထောင်ဒဏ် ၆ လ ကနေ ၂ နှစ်အထိ ချမှတ်နိုင်တယ်။ ပြဋ္ဌာန်းချက်တွေကို ပြဋ္ဌာန်းလိုက်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်တွေပေါ့နော်၊ အရာရှိ အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အခွင့်အာဏာကို တော်တော်များ များ တိုးမြှင့်ပြီးတော့ ပြဋ္ဌာန်းလိုက်တယ်၊ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်လုံခြုံမှုတွေ နိုင်ငံသား အခွင့်အရေးတွေ အပိုင်း မှာ ကန့်သတ်တားမြစ်ထားတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီးတော့ ပြဋ္ဌာန်းလိုက်တယ်ဆိုတာ သွားတွေ့ရပါတယ်”ဟု ပြောသည်။

နစကသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်က အသစ်ပြန်လည် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)

ထို့ပြင် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ်ကို ခန့်မည်ဆိုပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းပြီး ခန့်အပ်ခြင်း အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ ထုတ်ပယ်ခြင်းတို့ ပြလုပ်နိုင်ကြောင်း အဆိုပါ ဥပဒေတွင် ဖော်ပြထားသည်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “လူ့အဖွဲ့အစည်းနဲ့ လူ့အဖွဲ့အစည်းထဲမှာ ပါဝင်နေတဲ့ နိုင်ငံသား တစ်ဦးချင်းစီ တစ်ဦး ချင်းစီရဲ့ ဥပဒေအရ ဘက်ညီမှုပေါ့၊ လူ့အဖွဲ့အစည်းကိုလည်း အကာအကွယ်ပေးရမယ်၊ အဲဒီလို အကာအကွယ် ပေးခြင်း ကြောင့် နိုင်ငံသားတစ်ဦးချင်းစီရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ ပုဂ္ဂလိက လွတ်လပ်မှု လုံခြုံမှုတွေကိုလည်း မထိခိုက်စေရ ဘူး ဆိုတဲ့ မူအရ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်၊ အခု ဒီမှာတော့ ဒီပြဋ္ဌာန်းချက်တွေကို ကြည့်လိုက်တဲ့ အခါမှာ နိုင်ငံသားတစ်ဦး ချင်းစီ တစ်ဦးချင်းစီရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ ပုဂ္ဂလိက လွတ်လပ်လုံခြုံမှုဆိုတဲ့ အခန်းကဏ္ဍကို ဦးစားပြီးတော့ စဥ်းစား ထားတာ မတွေ့ဘူး၊ နိုင်ငံသို့မဟုတ် လူ့အဖွဲ့အစည်းရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကိုပဲ ဇောင်းပေးပြီး ဆောင်ရွက် ထားတာ ဖြစ်တဲ့အတွက် အနည်းငယ်တော့ ဟန်ချက်ကတော့ မမျှဘူးလို့ ပြောလို့ရပါတယ်”ဟု ပြောသည်။

လက်ရှိ ပြင်ဆင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေသည် ယခင်က ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းထားသည့် ရဲဥပဒေများကို အစားထိုး ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး  ကာလကြာပြီဖြစ်သည့် ဥပဒေဟောင်းများကိုဖျက်ကာ အသစ်ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း(သီပေါ) က ပြောသည်။

ဦးရဲထွန်းက “ဝရမ်းမပါဘဲ ရှာဖွေခွင့်တွေက နေရာတကာမှာ ရှာဖွေခွင့် ပေးထားတာတော့ မဟုတ်ဘူး၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ၊ နောက်တစ်ခါ နေဝင်ချိန်ကနေ နေထွက်ချိန်ရဲ့ ကြားပေါ့ဗျာ၊ ည မှောင်သွားတဲ့ အချိန်မှာ အများဆိုင်ရာ နေရာတွေမှာ လမ်းကြိုလမ်းကြားတွေထဲမှာ တွေ့တယ်ဆိုရင် ဝရမ်းမပါဘဲနဲ့ ရှာဖွေခွင့်တွေ အဲဒီလို လုပ် ထားတာ တွေ့ရတယ်”ဟု ပြောသည်။

ထို့ပြင် အစိုးရဌာန အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ အပါအဝင် မည်သူမဆို စုပေါင်းအိမ်ရာ၊ ဈေး၊ အဆောက် အအုံ၊ ဟိုတယ်၊ မိုတယ်၊ စက်ရုံ၊ အလုပ်ရုံများ ဆောက်မည်ဆိုပါက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တင်ပြရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေသစ် ပြဋ္ဌာန်းချက်နှင့်အတူ ယခင်က ပြဋ္ဌာန်းထားပြီးဖြစ်သည့် ရန်ကုန်ရဲအက်ဥပဒေ ၁၈၉၉၊ ရဲအက်ဥပဒေ ၁၉၄၅၊ ကရင်ပြည်နယ် ရဲအက်ဥပဒေ၊ ၁၉၅၉ ကယားပြည်နယ် ရဲအဖွဲ့ အက်ဥပဒေတို့ကို အစားထိုး ရုပ်သိမ်းလိုက် ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။