CNI International News

ဘာမာကို၊ ဧပြီ ၂၈

အနောက်အာဖရိနိုင်ငံတစ်နိုင်ငံအတွက် သတင်းနားဆင်ကြည့်ရှုမှုအများဆုံးဖြစ်သည့် ပြင်သစ်မီဒီယာများ ဖြစ်ကြသော Radio France International နှင့် France 24 တို့၏ မီဒီယာလုပ်ငန်းလိုင်စင်များကို အပြီးအပိုင် ရုပ်သိမ်းလိုက်ကြောင်း မာလီနိုင်ငံ၊ ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်အာဏာပိုင်အဖွဲ့က ဧပြီ ၂၇ ရက်တွင် ကြေညာခဲ့သည်ဟု အေပီက သတင်းဖော်ပြသည်။

ယခုဖြစ်စဉ်မှာ မာလီအစိုးရအနေဖြင့် နိုင်ငံခြားမီဒီယာများ၏ လုပ်ငန်းလိုင်စင်ကို ပထမဆုံးအကြိမ် ရုပ်သိမ်း လိုက်ခြင်းလည်း ဖြစ်သည်။

“ Radio France International, RFI နှင့် France 24 ချန်နယ်များနှင့် ဆက်စပ်၍ ရုပ်သံအစီအစဉ် ထုတ်လွှင့်သူများ၊ အွန်လိုင်းမီဒီယာအဖွဲ့များ၊ ဆဲလ်ဖုန်းအော်ပရေတာများ၏ ပလက်ဖောင်းများ၊ ဝက်ဘ်ဆိုက်များကို တရားဝင် စာရင်းမှ အတိအလင်း ရုပ်သိမ်းလိုက်ကြောင်း” ဟု အာဏာပိုင်အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်သွားရန် မာလီအဆင့်မြင့်ဆက်သွယ်ရေး အာဏာပိုင် အဖွဲ့က တောင်းဆိုထားသည်။ပြီးခဲ့သည့် မတ် ၁၇ ရက်တွင်လည်း မာလီအစိုးရက မီဒီယာနှစ်ခုကို ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

အရပ်သားများအပေါ် မာလီလက်နက်ကိုင်တပ်ဖွဲ့များ၏ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့ကို ချိုးဖောက်မှုများအကြောင်း လွဲမှားသော စွပ်စွဲချက် များနှင့်အတူ အဆိုပါမီဒီယာများအနေဖြင့် သတင်းတင်ဆက်ခဲ့သည်ဟု မာလီအာဏာပိုင်များက စွပ်စွဲထားသည်။

ပြင်သစ်မီဒီယာ Médias Monde သည် ၎င်း၏လိုင်စင် ဖယ်ရှားခံရခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး သတင်းတင်ဆက်ဖို့ အခြားဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

“အာဖရိကနဲ့ တခြားကမ္ဘာ့နိုင်ငံအားလုံးက စိတ်ဝင်စားတဲ့ မာလီနိုင်ငံရဲ့သတင်းတွေကို ဆက်လက် တင်ဆက် သွားမှာဖြစ်ပါတယ်။ ကမ္ဘာတဝန်းကနေ မာလီနိုင်ငံသားတွေရဲ့သတင်းတွေကို အခမဲ့ အသုံးပြုနိုင်အောင်၊ အချက် အလက်တွေကို ဆက်လက်ရယူလိုတဲ့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်အားလုံးရအောင် အကောင်အထည် ဖော်သွားမယ်” ဟု ပြင်သစ်မီဒီယာအဖွဲ့အစည်းက ပြောကြားခဲ့သည်။

မာလီနိုင်ငံမြောက်ပိုင်းရှိ အစ္စလာမ္မစ် အစွန်းရောက်များကို ၎င်းတို့အမာခံခြေကုပ်ယူထားသောနယ်မြေများမှ တိုက် ထုတ်ရာတွင် ကူညီပေးခဲ့သော ပြင်သစ်သည် ၂၀၁၃ ခုနှစ်ကတည်းက ယင်းနေရာတွင် တပ်စွဲထားခဲ့ရာ မကြာသေး မီက ပြင်သစ်တပ်များ ပြန်လည်ရုပ်သိမ်းခဲ့ပြီး မာလီအစိုးရနှင့် ပြင်သစ်တို့အကြား ဆက်ဆံရေးမှာ တင်းမာလာခဲ့ သည်။

ဧပြီ ၂၅ ရက်တွင် မိမိတို့လေကြောင်းပိုင်နက်ကို ပြင်သစ်စစ်တပ် ချိုးဖောက်သည်ဟု မာလီအစိုးရက စွပ်စွဲကာ ထောက်လှမ်းရေးဒရုန်းများကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခဲ့ခြင်းအပေါ် အပြစ်တင်ရှုတ်ချခဲ့သည်။ မကြာသေးမီ ကလည်း မာလီနိုင်ငံမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုအနီးတွင် ယင်းစခန်းကို ပြင်သစ်စစ်တပ်က မာလီ တပ်ဖွဲ့များထံ လွှဲပြောင်းပေးခဲ့ပြီးနောက် လူသေအလောင်းများအား ရုရှားကြေးစားစစ်သားများက ရှာဖွေမြှုပ်နှံ နေသည့် ဗီဒီယိုဖိုင်ကို ပြင်သစ်က ထုတ်ပြန်ခဲ့သည်။

ယင်းဗီဒီယိုဖိုင်ကို ပြင်သစ်ထောက်လှမ်းရေးက ဒရုန်းဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သဖြင့် မာလီအစိုးရက အထက်ပါ အတိုင်း အပြစ်တင်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

Source: AP