CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ဒီမိုကရေစီအရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး လမ်းစဉ်ကိုသာ ဆောင်ရွက် ရမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်)တွင် ရှမ်းပြည်နယ်(အရှေ့မိုင်း) မိုင်းခတ် မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့ရှိ ဌာနဆိုင်ရာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောသည်။

မိမိအနေဖြင့် မိုင်းခတ်ဒေသကို မူးယစ်ဆေးဝါးကင်းစင်ပြီး ဒေသတွင်းရှိ လူမှုစီးပွားဘဝများ တိုးတက်မှုများရှိသည့် ဒေသ တစ်ခုဖြစ်စေလိုသည်ဟု ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌက “ယခုကာလတွင် လုံခြုံရေးအရတည်ငြိမ်အောင်၊ နိုင်ငံရေးအရ ငြိမ်းချမ်းအောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုများရှိပါက နိုင်ငံတိုးတက်မှုရှိမည်မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေး၊ လူမျိုးရေးများ နှင့်ပတ်သက်၍ လက်နက်ကိုင်ဆောင်ရွက်ခြင်းကို အားမပေးပါကြောင်း၊ ဒီမိုကရေစီအရေး ဆောင်ရွက်ရာတွင် နိုင်ငံရေး အရ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး လမ်းစဉ်ကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ညီရင်း အစ်ကို စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုတယ်”ဟု ပြောသည်။

နစကဥက္ကဋ္ဌ၏ ပြောကြားချက်မှာ နိုင်ငံရေးအရကြည့်ပါက ဖြစ်သင့်သော်လည်း နစကဘက်ကလည်း တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားသင့်သလို လမ်းဖွင့်ထားကြောင်း ပြသရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

၎င်းက “သူပြောတာက မှန်ပါတယ်။ ဒါပေမယ့် စကစဘက်ကလည်း တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်သင့်တယ်။ ဒါမှ မဟုတ် လမ်းဖွင့်ပေးထားရမယ်။ ငြိမ်းချမ်းရေးဖိတ်ခေါ်တာမျိုးကို ပြောတာမဟုတ်ဘူးနော်။ အခုဖြစ်နေတာက အာဏာ လွန်ဆွဲပွဲ။ ဒါကြောင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်မလား၊ ကြားခံကနေ သွားမလား ဒါမျိုး လုပ်သင့်တာပေါ့။ အဲလိုဆိုရင် သူပြောသလို ဖြစ်လာနိုင်တယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်မှ အရေးပေါ် ကြေညာ၍ ဖြုတ်ချခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်းကာ စီမံဆောင်ရွက်လျက်ရှိရာ NLD ပါတီဝင်များနှင့် ဒီမိုကရေစီ အင်အားစုများ ပေါင်းစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဖွဲ့စည်းကာ တရားဝင် အစိုးရဖြစ်ရေး အားပြိုင်နေကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် NUG ထောက်ခံသူများနှင့်ဒေသခံများက ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF)၊ ပြည်သူ့ ကာကွယ်ရေးတပ် ဖွဲ့ (PDF)များ ဖွဲ့စည်း၍ တပ်မတော်ကို တော်လှန်တိုက်ခိုက်လျက်ရှိနေသည်။

ထို့ကြောင့် နိုင်ငံတကာက သက်ဆိုင်ရာ အဖွဲ့အစည်းများ လက်ရှိနို်င်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းလျက်ရှိနေသည်။