CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရ သည့် တိုက်ပွဲရှောင်များကို ထောက်ပံ့ကူညီရန်အတွက် လူမှုကူညီရေး အဖွဲ့အစည်းများလည်း ငွေကြေးခက်ခဲလာခြင်းကြောင့် ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘဲ ဖြစ်နေသည်ဟု ရခိုင်လူမှုရေးအဖွဲ့မှ ကိုဝေဟင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအထိ တိုက်ပွဲများဖြစ် ပွားခဲ့ရာ ဒေသခံ ၁ သိန်းကျော်မှာ တိုက်ပွဲရှောင်ခဲ့ကြရကြောင်း၊ သို့သော်လည်း လက်ရှိ တိုက်ပွဲမရှိသည်မှာ ကြာမြင့်လာပြီ ဖြစ်သည့်အတွက် နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့ကူညီမှု လျော့နည်းလာကြောင်း၊ ထိုသို့ နိုင်ငံတကာ ထောက်ပံ့မှု လျော့နည်းလာခြင်းကြောင့် ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများက ပြန်လည်ကူညီရန် ခက်ခဲလာနေကြောင်း သိရ သည်။

ရခိုင်လူမှုရေးအဖွဲ့မှ ကိုဝေဟင်အောင်က “ ဒီကာလကလည်း တစ်စုံတစ်ရာ စစ်ပွဲက ရခိုင်ဘက်မှာ တည်ငြိမ်နေတော့ အလှူရှင်တွေ ဘက်ကလည်း တော်တော်လေးကို လျော့နည်းလာတဲ့ အပိုင်းတွေရှိတယ်။ ဘာလို့ဆို လူမှုအဖွဲ့အစည်းတွေက အရင်တုန်းကလို ဖိဖိစီးစီး သိပ်မရှိကြတော့ဘူး နည်းတယ်။ ဒါပေမယ့် မပေးတာ မဟုတ်ဘူး၊ ပေးတယ်။ သွားလှူတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဘာလို့ဆို ဟိုဘက်က သူတို့ အဆင်မပြေဘူးဆိုရင် ဒီဘက်က လူမှုအဖွဲ့အစည်းတွေကို အကူအညီတောင်း တတ်တယ် စစ်ဘေးရှောင်ဘက်က။ အဲဒါကြောင့်လည်း ဒီဘက်ကတော့ သွားကူတာ ရှိပါတယ်။ ဒါပေမယ့် ရေရှည်ကျတော့ လူမှုအဖွဲ့အစည်းတွေက အလှူရှင်တွေနဲ့ပဲ ရပ်တည်ရတာကိုး။ ဟိုက နည်းနည်းပါးပါး လှူတဲ့ ပိုက်ဆံနဲ့ပဲ လုပ်နေရတော့ သူတို့လည်း ရေရှည်ကျရင်တော့ အဆင်မပြေဘူး။ ရေရှည်ကျရင်တော့ ICRC တို့၊ WFP တို့ အထူးသဖြင့် အစိုးရဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖိဖိစီးစီး လုပ်ပေးဖို့ လိုအပ်တယ်လို့ မြင်တယ်”ဟု ပြောသည်။

မစ္စတာ ဆာဆာကာဝါက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းရှိ ဒေသခံများကိုတွေ့ဆုံစဉ်

ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များတွင် တိုက်ပွဲရှောင်စခန်းပေါင်း ၁၃၀ ဝန်းကျင်ရှိပြီး လူဦးရေး ၁ သိန်းကျော်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင် စခန်းများသို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)နှင့် ကမ္ဘာ့စာနပ်ရိက္ခာအဖွဲ့ (WFP) တို့က ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သို့သော် လတ်တလောတွင် ထောက်ပံ့မှု နည်းပါးလာခြင်းနှင့် အချိန်နှောင့်နှေးကြန့်ကြာခြင်းများကြောင့် တိုက်ပွဲရှောင်များ စားနပ်ရိက္ခာ ပြက်လပ်မှုများ ရှိနေကြောင်း ကိုဝေဟင်အောင်က ပြောသည်။

၎င်းက “ICRC က ပေးတဲ့ စခန်းတွေက အဆင်ပြေပြီးတော့ WFP က ပေးတဲ့စခန်းတွေက မမှန်ဘူး။ WFP က သိပ်ဂရုတစိုက်နဲ့ သူတို့ပေးတာ သိပ်မတွေ့ရဘူး။ သိပ်မှန်မှန်ကန်ကန် မရောက်ဘူး။ အဲဒါကြောင့် ဒီဒုက္ခသည် စခန်းတွေက လူတွေက ပြင်ပက အကူအညီ အထောက်အပံ့ရောက်မှပဲ သူတို့ နေရေး၊ စားရေး၊ သောက်ရေးက အဆင်ပြေတာကိုး။ အခု သူတို့ကိုယ်တိုင်က မှန် မှန်ကန်ကန် မပို့ပေးတော့ မှန်မှန်ကန်ကန် မရောက်တော့ သူတို့ စားရေးသောက်ရေး အခက်အခဲ ဖြစ်တယ်ဆိုပြီးတော့ အစ်ကို တို့ဆီကိုလည်း သတင်းတွေ ရောက်တယ်”ဟု ပြောသည်။

နိပွန်းဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါက ရခိုင်ပြည်သို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက သွားရောက်ခဲ့ပြီး တိုက်ပွဲရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် နေအိမ်များဆောက်လုပ်ပေးရေးအတွက် အမေရိကန်ဒေါ်လာ ၈.၅ သန်းလှူဒါန်းမည်ဟု ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်စဉ်က ပြောကြားခဲ့သည်။

မစ္စတာ ဆာဆာကာဝါက “ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့မှ IDP စခန်းကို ကျနော် လေ့လာတဲ့အချိန်မှာ အဟာရချို့တဲ့ တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုတာ ကျနော်ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ အတွက်ကြောင့်မို့ ဒါနဲ့ ပတ်သက်လို့လည်း ကူညီလှူဒါန်းသွား လိုပါတယ်။ ဒါအပြင် ရခိုင် IDP တွေအတွက် အိမ်ဆောက်တာတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ မူလတန်းကျောင်းတွင် သာမက အလယ်တန်းကျောင်းအဆင့်ရှိတဲ့ စာသင်ကျောင်းကိုလည်း ဆောက်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလုပ်ငန်းတွေအားလုံးကို ကျနော်တို့အနေနဲ့ လျာထားတဲ့ ငွေဟာဆိုရင် အမေရိကန်ဒေါ်လာ ၈.၅ သန်း ကို လျာထားပါတယ်။ ကျနော်တို့ ဒီလိုငန်းတွေကို အစွန်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မစ္စတာ ဆာဆာကာဝါက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်က သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်

လက်ရှိတွင် တိုက်ပွဲရှောင်စခန်းများတွင် စားနပ်ရိက္ခာပြက်လပ်မှုများ ကြုံတွေ့နေရကြောင်း၊ နေထိုင်ရသည့် တဲအိမ်များမှာ လည်း ပြိုကျပျက်စီးနေပြီ ဖြစ်သည့်အတွက် ပြန်လည်တည်ဆောက်ရန်နှင့်ပြင်ဆင်ရန် လိုအပ်နေကြောင်း တိမ်ညို တိုက်ပွဲ ရှောင်စခန်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးစိုးနိုင်က “အိမ်တွေ ယာတွေက သိတဲ့အတိုင်းပဲ ကျနော်တို့ ဝါးနဲ့ ဓနိနဲ့ လုပ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် မိုးရာသီ ရောက်ပြီ ဆိုရင် ဒါက စိန်ခေါ်မှုပါပဲ။ အဲအိမ်ပြင်ဖို့ စရိတ်တို့၊ ဝါးတွေ ဝယ်ရမှာ။ အခုဆို တစ်နှစ်ပဲ သုံးလို့ရတယ်။ မိုးတွင်းကျရင် အဲဒီ အိမ်တွေကတော့ မိုးလုံတဲ့ အနေအထား မရှိဘူး။ အလှူရှင်တွေ ရှိရင်လည်း အဲလိုပေါ့။ လှူတဲ့ဟာ ဒါမှမဟုတ်လည်း အစိုးရ ဖြစ်ဖြစ်၊ NGO ပဲဖြစ်ဖြစ် အဲလိုအဖွဲ့တွေကတော့ ကျနော်တို့ကို အကူအညီ ပေးစေချင်တယ်ပေါ့”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ တပ်မတော်နှင့် AA ကြား တိုက်ပွဲများ မရှိတော့သည့်အတွက် တချို့ တိုက်ပွဲရှောင်များသည် နေရပ်ပြန်သွားကြကြောင်း၊ သို့သော် နေအိမ်များ ပျက်စီးနေခြင်းနှင့် ရပ်ရွာအနီး မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်များကို သက်ဆိုင်ရာက ရှင်းလင်းပေးမှုမရှိကြောင်း သိရသည်။

လက်ရှိတွင် နေရပ်မပြန်နိုင်သေးသည့် တိုက်ပွဲရှောင် လူဦးရေ စုစုပေါင်း ၆၀၀၀၀(ခြောက်သောင်း)ကျော် ရှိကြောင်း သိရသည်။