CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

အစိုးရ၊ လွှတ်တော်မရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေး‌နွေးပါက နိုင်ငံရေးဆွေးနွေးပွဲဟု မခေါ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့ အကြိုညှိနှိုင်းမှုများ၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ လည်း ရှိနေသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “နဂိုအတိုင်းဆိုရင် အားလုံးအင်အားစု (၅) စုကိုး ကျနော်တို့က အစိုးရရှိတယ်၊ လွှတ်တော်ရှိတယ်၊ တပ်မတော်ရှိတယ်၊ တိုင်းရင်းသား အင်အားစုရှိတယ်၊ နိုင်ငံရေးပါတီများ အင်အားစုဆိုတာရှိတယ်။ အဲဒီ (၅) ခုစုံမှ ကျနော်တို့ ဆွေးနွေးပွဲ ဖြစ်တာကိုး။ အခုကတော့ နိုင်ငံရေးပါတီတွေတော့ ရှိနေတယ်၊ တပ်မတော်ရှိတယ်၊ တိုင်းရင်းသားရှိတယ်၊ သို့သော် လွှတ်တော်နဲ့ အစိုးရက မရှိတဲ့ အချိန်ကြတော့ လွှတ်တော်နဲ့ အစိုးရကို မစောင့်ဘဲနဲ့ ဆွေးနွေးနိုင်တဲ့ ကိစ္စတွေရှိရင်တော့ ဆွေး နွေးမှာပေါ့ဗျာ၊ အဲဒါကို ကျနော်တို့ကတော့ နိုင်ငံရေးဆွေး‌နွေးပွဲလို့တော့ ခေါ်လို့မရဘူးပေါ့၊ အကြိုညှိနှိုင်းတာ ဖြစ်နိုင်တယ်၊ အလွတ်သဘော ဖြစ်နိုင်တယ်၊ အဲဒီပုံစံနဲ့ပဲ အရင်သွားရမှာ”ဟု ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြေမှာ နိုင်ငံတကာ၏ ဖိအားအပေါ်တွင် မူတည်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးဖေသန်းက “လုပ်လာနိုင်ခြေက အင်အားပေါ်မှာ မူတည်တယ်၊ နိုင်ငံတကာရဲ့ Pressure ပေါ်မှာမူတည်တယ်၊ သူတို့ အင်အားပေါ်မှာ မူတည်တယ်။ သူတို့ နိုင်ခြေရှိရင်တော့ လုပ်မှာပေါ့၊ နိုင်ခြေမရှိရင်တော့ မလုပ်တော့ဘူးပေါ့”ဟု ပြောသည်။

NSPNC နဲ့ လက်နက်ကိုင်တချို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က အလွတ်သဘောတွေ့ဆုံဆွေးနွေးစဉ်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေး ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တိုင်းရင်းသား လက်နက်ကိုင်တချို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)၏ မူဘောင်အတိုင်း ဆွေးနွေးပွဲများ လုပ်ဆောင်၍ မရကြောင်း၊ အခင်းအကျင်း အသစ်၊ လမ်းကြောင်းအသစ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “မတိုးပါဘူး၊ မတိုးပါဘူး၊ အခင်းအကျင်း အသစ်၊ ပုံစံအသစ်ကို ကြည့်ရမှာပေါ့၊ အခုကျနော်တို့က ပုံစံ ဟောင်းဖြစ်တဲ့ မူဘောင်တွေလည်း ကိုင်လို့မရ၊ NCA ကို ဆွေးနွေးဖို့ လိုအပ်တဲ့ အစိုးရဘက်၊ လွှတ်တော်ဘက်တို့ကလည်း မပြည့်မစုံ ဖြစ်နေတော့ ဒီကြားထဲမှာ အကြိုညှိနှိုင်းပွဲကလည်း တခြမ်းပဲ့ လုပ်သင့်ရင် လုပ်မလားလို့လေ၊ အဲဒီလိုတော့ တိုင်ပင် နေကြတာရှိပါတယ်၊ ဒီပုံစံအပြည့်ကတော့ နဂိုအတိုင်းကတော့ မရသေးဘူးပေါ့၊ အခွင့်အလမ်း မရှိသေးဘူး”ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်‌တွင် တပ်မ‌တော်မှ အာဏာရယူပြီးနောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို တစ်နှစ် ရပ်ဆိုင်းကြောင်း အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ကြေညာထား သည်မှာ လာမည့် ဖေဖော်ဝါရီ ၁၉ ရက်၌ တစ်နှစ်ပြည့်မြောက်မည် ဖြစ်သည်။