CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပိတ်မိနေသော ကယားပြည်နယ် မိုးဗြဲမြို့ ဒေသခံများကို ကယ်ထုတ်ရန်နှင့် နေရာရွှေ့ပြောင်းပေးရန် ဒေသခံ ပရဟိတအသင်းများက စီစဉ်နေကြောင်း သိရ သည်။

လက်ရှိတွင် မိုးဗြဲမြို့အနီး တိုက်ပွဲပြင်းထန်နေသည့်အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့များ အနေနှင့်လည်း သွားရောက်ကူညီ ရန် အခက်အခဲရှိနေကြောင်း၊ မြို့အဝင်အထွက်လမ်းများလည်း ပိတ်နေကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်း(ကယား)မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီဘက်က ဝင်လို့ထွက်လို့ကို မလွယ်တာ၊ မလွယ်လို့ စစ်ဘေးရှောင်တွေတောင် အဲဒီဘက်ကနေ နှစ်ဖွဲ့လောက် တော့ ပို့တယ်၊ သူတို့ဟာသူတို့ လမ်းလျှောက်ပြီး ထွက်လာကြတာပေါ့၊ ကားတွေ ဆိုင်ကယ်တွေတောင် သွားဖို့ မလွယ်ဘူး ထင်တယ်၊ လမ်းလျှောက်ပြီး ထွက်လာကြတယ်၊ အဲဒီ လွိုင်ကော်-မိုးဗြဲအထွက်ပေါ့၊ လွိုင်ကော်နဲ့ မိုးဗြဲအထွက်မှာ သွားကြိုပြီး ပို့တယ် အခုလောလောဆယ်တော့ တိုက်ပွဲအခြေအနေက ပြင်းထန်နေတယ်ဗျ၊ ထွက်ဖို့မလွယ်ဘူး၊ အထဲမှာလည်း ပိတ်မိနေ တဲ့သူတွေ အများကြီးပဲ၊ အထဲကနေ အပြင် ပေးမထွက်ဘူး ပြောတယ်၊ လူဦးရေကတော့ မမှန်းတတ်ဘူး၊ ဘာလို့လဲဆို အဲ့ဘက် က အဝင်အထွက်လည်း မရလို့လေ၊ သတင်းကလည်း ဘာမှမကြားရဘူး၊ ကျနော်တို့ လိုင်းပေါ် တက်သလောက် လူဦးရေ ပိတ်မိနေတယ်ဆိုတာလောက်ပဲ သိရတယ်ခင်ဗျ၊ နှစ်ဖက်လုံး အဝင်အထွက်လမ်းကော၊ ဟိုဘက် ပင်လောင်းအထွက်လမ်း ကော၊ လွိုင်ကော်ဘက်ထွက်တဲ့လမ်းကော အကုန်ပိတ်ထားတော့ သူတို့လည်း ဘယ်မှ သွားမရဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် လူဦးရေ ၁၀၀၀၀(တစ်သောင်း) ဝန်းကျင် နေထိုင်ကြောင်း၊ ထို ဒေသခံများ အားလုံးနီးပါး မြို့ပေါ်မှာ ပိတ်မိနေကြောင်း၊ စစ်ကြောင်းများကလည်း မြို့အတွင်း နေရာယူထားမှုများရှိနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲ အခြေအနေပေါ် မူတည်၍ တိုက်ပွဲရှောင်လိုသူများကို အဆင့်ဆင့် ရွှေ့ပြောင်းပေးရန် စီစဉ်ထားကြောင်း မိုးဗြဲ မြို့နယ် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လွိုင်ကော် PDF ကိုတွေ့ရစဉ်

၎င်းက “တချို့ ခေါ်ထုတ်လို့ရတဲ့ သူတွေတော့ နီးစပ်ရာ သူတို့ အသိမိတ်ဆွေအိမ်တွေ ရွာတွေကို သွားကြတဲ့သဘောပေါ့၊ နောက်ထပ် မနက်ဖြန်လောက်မှာပဲ ကျနော်တို့ အတိအကျပေါ့နော်၊ ဘယ်လောက်ထွက်မလဲ ဘာညာဆိုပြီး ကျနော်တို့ စီစဉ် ထားတာရှိတာပေါ့နော်။ ခေါ်ထုတ်ဖို့ကို၊ စီစဉ်နေတယ် စီစဉ်နေတယ်ဗျ။ နောက်ပြီးတော့ အရမ်းဝင်လို့လည်း မရသေးဘူး မိုးဗြဲ ထဲကို၊ လမ်းပိတ်တာတော့ မဟုတ်ဘူး၊ မသွားရဲကြတာ မဝင်ရဲကြတာ။ ကားတွေ့ရင် သူတို့ပစ်မှာစိုးလို့”ဟု ၎င်းက ပြောသည်။

ထို့နောက် မိုးဗြဲနှင့် လွိုင်ကော် ဒေသတစ်ဝိုက်ရှိ ပရိဟိတအသင်းများ ချိတ်ဆက်၍ တိုက်ပွဲရှောင်များကို မြို့ပြင်သို့ ခေါ်ထုတ်ပြီး ဘေးလွတ်ရာသို့ ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း အထက်ပါ မိုးဗြဲမြို့နယ် ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “ကယ်ထုတ်ပေးဖို့တော့ စီစဉ်နေတယ်ဗျ၊ ဘယ်လို ညှိနှိုင်းသွားမလဲဆိုတာ မြို့ထဲ အနေအထားကို စုံစမ်းပြီးတော့ သူတို့ကို မြို့ထဲကနေပြီးတော့ မိုးဗြဲအထွက် နားလောက်ကို တတ်နိုင်သလောက် ဆိုင်ကယ်တတ်နိုင်ရင် ဆိုင်ကယ်နဲ့ ကယ်ရီ ကဲ့ပေါ့၊ အိမ်ကားတတ်နိုင်ရင် အိမ်ကားနဲ့ကဲ့၊ ကျနော်တို့က မြို့ပြင်ကနေစောင့်ပြီးတော့ ကယ်ထုတ်မယ်ပေါ့၊ အဲဒီလို စီစဉ်ထား တယ်ဗျ၊ မြို့ထဲမှာတော့ တကယ်တမ်းပြောရရင် ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်ဗျ၊ ၈၀ ရာခိုင်နှုန်းလောက် မြို့ထဲမှာ ကျန်နေ သေးတယ် ရှိသေးတယ်။ မထွက်နိုင်သေးဘူးဗျ၊ တချို့ ထွက်ချင်နေတာထွက်လို့ မရဘူးဖြစ်နေလို့”ဟု ပြောသည်။

ကယားပြည်နယ် မိုးဗြဲမြို့အနီးတွင် တပ်မတော်နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်များအကြား ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ပွဲများ ပြင်းထန်စွာ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်)အထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရ သည်။

အဆိုပါတိုက်ပွဲတွင် လွိုင်ကော်(PDF)၊ မိုးဗြဲ(PDF)၊ ကရင်နီအမျိုးသားတပ်မတော်(KA)၊ ဒီးမော့ဆို(PDF)၊ KNDF၊ KGZ၊ Gz21၊ JPDF၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့ စသည့် မဟာမိတ်အဖွဲ့များပူးပေါင်း၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် နှစ်ဖက် ထိခိုက် သေဆုံးမှုများ ရှိနေကြောင်း သိရသည်။