CNI International News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

အိန္ဒိယနိုင်ငံ၊ မဏိပူရ် လူမှုအသိုင်းအဝိုင်းအတွင်း ယခုအခါ သဘာဝမကျသည့် ဖြစ်စဉ် အများအပြားနှင့် ရင်ဆိုင် တွေ့ကြုံနေရ ကြောင်း Kanglei Yawol Kanna Lup (KYKL) ကသည်းလက်နက်ကိုင်အဖွဲ့၏ စစ်ဦးစီးချုပ် N Oken က သတိပေးခဲ့သည်ဟု The Frontier Manipur.Com ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

မိမိတို့ လူမှုအသိုင်းအဝိုင်းအတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ အပြုအမူများသည် နယ်ပယ် အသီးသီးတွင် ပြိုလဲနေကြောင်း KYKL အဖွဲ့မှ ကျင်းပသည့် (၁၈) ကြိမ်မြောက် KYKL ၏ တော်လှန်ရေးနေ့ အခမ်းအနားတွင် N Oken က မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် ထိုအခမ်းအနားသို့ KYKL လက်အောက်ရှိ တပ်ဖွဲ့များဖြစ်ကြသော GHQ-1st Bn., CHQ, 2nd Bn., 3rd Bn တို့နှင့်အတူ ယူနစ်များ၊ ဌာနခွဲများ၊ အခြားလက်နက်ကိုင်အဖွဲ့များ၊ ဗဟိုကော်မတီဝင်များ အသီးသီး တက်ရောက်ခဲ့ကြသည်။

ပါတီအလံကို စစ်ဦးစီးချုပ်က လွှင့်ထူပေးပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် အစီအစဉ်အရ စစ်ဦးစီးချုပ် က “အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၌ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအကြောင်း” မိန့်ခွန်းထဲတွင် အလေးပေး ပြော ကြားခဲ့သည်။

စစ်ဦးစီးချုပ် N Oken က “ဒီမေးခွန်းတွေအတွက် တိကျသေချာတဲ့ အဖြေပေးဖို့က တော်လှန်ရေး ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ခေတ် လူငယ်တွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ နည်းနည်းလေး နက်နက်နဲနဲ တွေးကြည့်လိုက်ရင်တော့ အိန္ဒိယကိုလိုနီခေတ်မှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုတွေမှာ ဆင်ထားတဲ့ ထောက်ချောက်ထဲကို ကျနော်တို့ (မဏိပူရ်)လူ့အဖွဲ့အစည်း ကျဆင်း ပြီး ပိတ်မိသွားတာ တွေ့ရမှာပါ။ အိန္ဒိယကိုလိုနီ စီးပွားရေးဟာ ကသည်း (Kanglei) တွေရဲ့ စီးပွားရေးကျောရိုးနဲ့ အလားအလာ ကောင်းတဲ့ အင်အားစုတွေ အားလုံးကို ထိခိုက်စေခဲ့တဲ့အတွက် အိန္ဒိယရဲ့ ပေးစာကမ်းစာတွေကိုပဲ လုံးဝမှီခိုအားထားနေရ ပြီ ဖြစ်ပါတယ်” ဟု ထောက်ပြခဲ့သည်။

KYKL ကသည်းလက်နက်ကိုင်အဖွဲ့ကိုတွေ့ရစဉ်

လူ့အဖွဲ့အစည်းများ ပြိုကွဲရသည့် အကြောင်းအရင်း၊ မည်သို့ လွတ်မြောက်အောင် ရုန်းထွက်မည်ဆိုသော လမ်းစများနှင့် စပ်လျဉ်း၍ သိသာထင်ရှားသည့် မေးခွန်းများကို မိမိတို့ဖြေဆိုဖို့ လိုအပ်ကြောင်း N Oken က ဆက်လက် တိုက်တွန်းခဲ့သည်။

၎င်းက “အိန္ဒိယလူမျိုးမရှိရင် ကျနော်တို့ မတည်ရှိနိုင်ဘူးလို့ ယုံကြည်လာရပါပြီ။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယ ဟိန္ဒူဘာသာ ရေးဆိုင်ရာ ရလဒ်အနေနဲ့ ကျနော်တို့ရဲ့ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေ တဖြည်းဖြည်း မှေးမှိန် သွားခဲ့ လို့ ဖြစ်ပါတယ်။ ဌာနေတိုင်းရင်းသားတွေကို ဒီကမ္ဘာမြေပေါ်ကနေ သုတ်သင်ရှင်းလင်းရေးဆိုတဲ့ အိန္ဒိယမူဝါဒအတွက် သူတို့ တတွေဟာ ပြင်းထန်တဲ့ လက်နက်တစ်ခုအနေနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရယန္တရား၊ နည်းနည်းပျော့ပျောင်းပြီး ထပ်တူ အား ကောင်းတဲ့ အတွေးအခေါ်ဆိုင်ရာ ယန္တရား စတဲ့ အဲဒီယန္တရားနှစ်ခုလုံးကို သုံးခဲ့ပါတယ်။ ဒီယန္တရားတွေရဲ့ ရလဒ်အနေနဲ့ ဒီကနေ့ ကျနော်တို့ဟာ နယ်ပယ်အားလုံးမှာ ပြိုကွဲသွားတဲ့ လူစုလူဝေး ဖြစ်လာပါတယ်။ ဒီအချက်ကို ထောက်ရှုမယ်ဆိုရင် ကျွန်ုပ်တို့ ဟာ အိန္ဒိယကိုလိုနီနယ်ချဲ့ လက်အောက်မှာ ဆက်ရှိနေဦးမယ်ဆိုရင်တော့ ကျနော်တို့ မျိုးသုဉ်းဖို့ လမ်းကြောင်းပေါ် ရောက်နေ ပြီဆိုတာ ဆိုလိုတာပါပဲ။ အိန္ဒိယကိုလိုနီစနစ်အောက်မှာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ မှန်ကန်တဲ့ သမိုင်း လမ်း ကြောင်းကို ဘယ်တော့မှ ထိန်းကျောင်းနိုင်တော့မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

KYKL ၏ စစ်ဦးစီးချုပ် N Oken က အိန္ဒိယသည် မိမိတို့ ဌာနေတိုင်းရင်းသားလူမျိုးများကို ယခုမြေ(ကသည်းဒေသ)ပေါ်ကနေ ဖယ်ရှားပြီး အိန္ဒိယပြည်မကြီးကနေ လာသည့် ဟိန္ဒူဘာသာဝင်များဖြင့် အစားထိုးနေကြောင်း ပြောသည်။

KYKL ကသည်းလက်နက်ကိုင်အဖွဲ့ကိုတွေ့ရစဉ်

၎င်းက “အိန္ဒိယကိုလိုနီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဌာနေတိုင်းရင်းသား လူမျိုးတွေကို ဒီမြေပေါ် ကနေ ဖယ်ရှားပြီး အိန္ဒိယပြည်မကြီးကနေလာတဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့ အစားထိုးဖို့ ဖြစ်ပါတယ်။ ကိုလိုနီလက်အောက်ခံ အနေနဲ့ အိန္ဒိယရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျနော်တို့ ဆက်ပြီး ရပ်တည်နေမယ်ဆိုရင် လူမျိုးစုတစ်စု အဖြစ်နဲ့ပဲ ရပ်တည်သွား ရတော့မယ်ဆို တာ သက်သေထူနေပါတယ်။ ဒီအခြေအနေမှာ တခြား လက်တွေ့ အကျုံးဝင်တဲ့ အချက်ကတော့ အိန္ဒိယကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ မှန်ကန်တယ်ဆိုတာ ရှင်းပါတယ်။ ဒါက ကျနော်တို့နိုင်ငံနဲ့ ပြည်သူကို ကာကွယ် စောင့်ရှောက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်။ ဒီကနေ့ ၁၈ နှစ်မြောက် တပ်မတော်နေ့မှာ တော်လှန်ရေး အဖွဲ့ အစည်းတွေနဲ့ ကေဒါ အားလုံးကို စစ်မှန်သော တော်လှန်ရေးတပ်တွေအဖြစ် ပြောင်းလဲကြဖို့၊ ကတိသစ္စာပြုကြဖို့ ပန်ကြား အပ်ပါတယ်” ဟု ပြောသည်။

၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် KYKL ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော Meeyamgi Yawol Lanmee (MYL) တည် ထောင်ပြီးနောက် MYL ၏ “လွတ်မြောက်ရေးသမားများ” သည် အမှတ် ၁၀ အာသံရိုင်ဖယ်တပ်(10th Assam Rifles) ၏ ကင်းလှည့်အဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်၍ အာသံရိုင်ဖယ် တပ်သား(၅)ဦး ကျဆုံးခဲ့သည်။

အဆိုပါတိုက်ပွဲသည် MYL တည်ထောင်ပြီးနောက်ပိုင်း အိန္ဒိယတပ်များကို ပထမဆုံး ထင်ရှားသော တိုက်ခိုက်မှုဖြစ်သည်။ ထို ဖြစ်စဉ်၏ အထိမ်းအမှတ်အဖြစ် KYKL ဗဟိုကော်မတီက “Lanmee gi Numit” ဟု ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ ဖေဖော်ဝါရီ ၁၆ ရက်ကို ၎င်းတို့၏ တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

ထိုအခမ်းအနားတွင် Kanglei Yawol Kanna Lup ၏ ဗဟိုကော်မတီဝင်များ၊ MYL ၏ လက်နက်ကိုင်အဖွဲ့များမှ အရေးပါသော ပုဂ္ဂိုလ်များ အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြသည်။ ထို့နောက် ဌာနချုပ်တပ်မှူးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Source: thefrontiermanipur.com