CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပျက်ပြယ်ပြီလို့ မိမိတို့ပါတီအနေဖြင့် မခံယူထား သလို NCA မှာ တန်ဖိုးရှိသည့်အရာများ အများကြီးပါကြောင်း ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက NSPNC နှင့် RCSS၊ ALP၊ DKBA၊ KNU/KNLA-PC၊ NMSP၊ LDU၊ NDAA၊ ULA၊ SSPP မှ ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ဆွေးနွေးခဲ့ကြပြီး မွန်းလွဲပိုင်းတွင် NSPNC သည် RCSS နှင့်လည်းကောင်း၊ ALP နှင့်လည်းကောင်း၊ ULA နှင့်လည်းကောင်း၊ DKBA- KNU/KNLA-PC တို့နှင့်လည်းကောင်း၊ NMSP- LDU တို့နှင့်လည်းကောင်း အလွတ်သဘော သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နစကဘက်မှ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ကာ ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ် ဆောင်လိုကြောင်း၊ NCA စာချုပ်နှင့် ပတ်သက်သည့်အခြေအနေများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်မည် အခြေအနေ များကို ဆွေးနွေးခဲ့ ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
၎င်းက “NCA ကို အဓိကထား ဆွေးနွေးတာရှိပါတယ်၊ ဟုတ်ပါတယ်။ NCA ကတော့ ကိုယ်တို့ရဲ့ ခံယူချက်ကလည်း NCA ဆို တာ အလကားရလာတဲ့ စာချုပ်မဟုတ်ဘူး၊ NCA ဆိုတာ တစ်နှစ်နဲ့ ကိုးလနဲ့ ဆယ့်လေးရက်လောက်ကြာတယ်၊ NCA စာချုပ် ဖြစ်လာဖို့။ အဲဒီလိုမျိုး ကြိုးပမ်းပြီးတော့ ရလာတဲ့ စာချုပ်တစ်ခုက ဆိုလို့ရှိရင် မြန်မာ့သမိုင်းမှာ ဒုတိယအကြိမ် ဖြစ်ပေါ် လာတဲ့ စာချုပ်ဖြစ်တယ်။ အဲဒီစာချုပ် ပျက်ပြယ်ပြီလို့ ကိုယ်တို့ပါတီအနေနဲ့ မခံယူသလို ကိုယ်ကိုယ်တိုင်လည်း မခံယူဘူး၊ NCA မှာ တန်ဖိုးရှိတဲ့ အရာတွေ အများကြီးပါတယ်။ ဒါပေမယ့် EAO တော်တော်များများက NCA အတိုင်းသွားလို့ မရဘူးလို့ ယုံကြည် ထား ကြတယ်၊ ဘယ်အချက်တွေက မရတာလဲ၊ ဘယ်အချက်တွေက ရသေးလဲ၊ NCA အတိုင်းမသွားဘဲနဲ့ အခြားကော ဒီထက် ကောင်းတာရှိလား၊ စသည်အားဖြင့် အဲဒါမျိုးကိုတော့ ပြန်ပြီးစဉ်းစားရမယ်၊ လုံးဝ သုံးမရဘူးဆိုတာတော့ မဟုတ်ဘူး၊ NCA မှာ ကောင်းတဲ့ အချက်အလက်တွေ အများကြီးရှိတယ်”ဟု ပြောသည်။
NSPNC နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ်
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အလွတ်သဘော ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားမှု အခြေအနေ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကိစ္စ၊ နှစ်ဖက် ဆက်လက် တွေ့ ဆုံ ညှိနှိုင်းရေးကိစ္စ၊ ဆက်ကလ်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသည် အလွတ်သဘော ပြောလိုသည်များကို နှစ်ဖက် လွတ်လပ်စွာ ပြောဆိုဆွေးနွေးကြခြင်းဖြစ်ပြီး သဘောတူညီချက်၊ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ရယူခဲ့ခြင်းမရှိကြောင်း ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်စောမြရာဇာလင်း “သဘောထား ဆုံးဖြတ်ချက် ချတာမရှိဘူး၊ ဆုံးဖြတ်ချက်ချတဲ့ပွဲလည်း မဟုတ်ဘူး၊ ရှင်းပြတာ ကိုယ်တို့ ဘက်က သိချင်တာ ရှိရင်မေးမယ်၊ ကိုယ်တို့ အဖွဲ့အစည်းမှာ ပြောစရာရှိတာ ပြောမယ်၊ ဒါပါပဲ”ဟု ပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့နှင့် အစိုးရကြား ၂၀၁၄ ခုနှစ်က စတင်ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် လက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် လက်ရှိ၌ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားသည်။