CNI International News

ပါရီ၊ ဖေဖော်ဝါရီ ၁၄

ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်သည် လာမည့်ဧပြီလ သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင် ကြေညာခြင်း မခံရသေးသော်လည်း ယခုတလော မဲဆန္ဒရှင်များနှင့် တွေ့ဆုံလျက်ရှိပြီး တိုင်းပြည်အတွက် သူ၏ အနာဂတ် အစီအစဉ်များကို မိန့်ခွန်းပြောခဲ့သေးကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ထို့နောက် ပြင်သစ်နိုင်ငံ တနံတလျားတွင် ၎င်းကို အားပေးလှုံ့ဆော်ကြမည့် မဲဆွယ်စည်းရုံးရေးအင်အား အပြည့်ရှိနေကြောင်း လည်း အေပီက ဆက်လက်ရေးသားထားသည်။

မက်ခရွန်သည် ၎င်း၏သမ္မတရာထူး ဒုတိယသက်တမ်းအတွက် တတ်နိုင်သမျှ ကြိုးစားနေကြောင်း၊ ယင်းအတွက် သမ္မတ၏ မိန့်ခွန်းပြော စင်မြင့်ကို တရားမဝင် အသုံးချနေကြောင်း ဝေဖန်သူများက ထောက်ပြနေကြသည်။

သမ္မတလောင်းအဖြစ် ဝင်အရွေးခံမည့် ဧပြီလ ၁၀ ရက်မတိုင်မီ အကြိုကာလအတွက် မက်ခရွန်၏ ရည်ရွယ်ချက်မှာ ဆန်း ကြယ်ကြောင်း၊ ဒုတိယအကြိမ် ရာထူးသက်တမ်းအတွက် အရွေးချယ်ခံလိုသော ဆန္ဒရှိသည်ဟု ၎င်းက ယခင်လ၌ ပြောကြား ခဲ့သော်လည်း ထိုဆန္ဒကို ဆုံးဖြတ်ချက်မချမီ ပြည်တွင်း Covid-19 အခြေအနေ ပိုကောင်းလာစေဖို့ စောင့်ဆိုင်းလိုကြောင်း သိရ သည်။

ပြင်သစ်သမ္မတ ရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်ကြေညာရန် နောက်ဆုံး သတ်မှတ်ထားသည့်ရက်မှာ လာမည့် မတ်လ ၄ ရက်ဖြစ်သည်။

ပြင်သစ်မဲဆန္ဒရှင် ပြည်သူများအနေဖြင့် နိုင်ငံ၏ ယုတ်လျော့ကျဆင်းမှုများကို မေ့လျော့သွားရန်အတွက် မက်ခရွန်သည် ကပ်ရောဂါကို အသုံးချရန် ကြိုးပမ်းနေကြောင်း လက်ယာစွန်း သမ္မတလောင်းတစ်ဦးဖြစ်သူ အဲရစ်ဇမ်မွား (Eric Zemmour) က စွပ်စွဲခဲ့သည်။

ပြင်သစ်သမ္မတလောင်း အဲရစ်ဇမ်မွား (Eric Zemmour)

“မဲဆွယ်စည်းရုံးဖို့ မက်ခရွန် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျပ်အတည်းကို အသုံးချနေတာလား။ အဖြေကတော့ ဟုတ်ပါ တယ် ပေါ့ဗျား”ဟု နောက်ထပ် လက်ယာစွန်း သမ္မတလောင်း တစ်ဦးဖြစ်သူ မာရိန်းလီပန် (Marine Le Pen) ကလည်း စွပ်စွဲ ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံ အများစုကဲ့သို့ပင် မကြာသေးမီက ပြင်သစ်နိုင်ငံတွင် ကူးစက်မှုနှုန်း နှေးကွေးလာသဖြင့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် အများစုကို ဖြေလျော့ပေးခဲ့သည်။

မက်ခရွန်ကလည်း ယူကရိန်း-ရုရှား အကျပ်အတည်းကို ဦးစားပေး အာရုံစိုက်လိုကြောင်း ရှင်းပြခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က မော်စကိုနှင့် ကိယက်ဗ်တို့သို့ သွားရောက်သည့် လေယာဉ်ခရီးစဉ်၌ မိမိ၏ သမ္မတလောင်းအဖြစ် ကြေညာဖို့အရေးကို နောက်မှစဉ်းစားမည်ဟု သတင်းထောက်များကို မက်ခရွန်က ပြောကြားခဲ့သည်။

“အရာရာက အချိန်တန်ရင် လာပါလိမ့်မယ်ဗျာ” ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော် ပြင်သစ်နိုင်ငံ အနှံ့အပြားသို့ သွားရောက်ခဲ့သော မက်ခရွန်၏ ခရီးစဉ်များသည် မဲဆွယ်ပွဲများသဖွယ် တဖြည်းဖြည်း များပြားလာခဲ့သည်။

ယခုလ သမ္မတ၏ ပြင်သစ်မြောက်ပိုင်း ခရီးစဉ်အတွင်း သတ္တုတွင်းဟောင်း တစ်တွင်း၌ စီးပွားရေးမြှင့်တင်ရန် နောက်ထပ် ယူရို သန်း ၁၀၀ (ဒေါ်လာ ၁၁၃ သန်း) ပေးမည်ဟု ကြေညာခဲ့ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာများမှ သတင်းထောက် ဆယ် ဂဏန်းနှင့်ချီ၍ လိုက်ပါ သတင်းယူစေခဲ့သည်။

Source: AP